မန္တလေးမြို့ ကျုံးအရှေ့ခြမ်း၊ (၆၆)လမ်းမှာ စစ်အုပ်စုက သီတင်းကျွတ်မီးထွန်းပွဲ လုပ်ဖို့ စီစဉ်နေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့၊ ကျုံးအရှေ့ခြမ်း၊ (၆၆)လမ်းတလျှောက်လုံးကို အောက်တိုဘာ(၂၉)နဲ့ (၃၀)ရက်တွေမှာ နှစ်ညဆက် မီးထွန်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်မှာဖြစ်ပြီး မြို့ခံတွေ လာပျော်ပါးကြဖို့ စစ်အုပ်စု လက်အောက်ခံ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သတင်းစာကနေ ကြော်ငြာနေပါတယ်။
အဲ့ဒီ စစ်အုပ်စုက လုပ်မယ့် သီတင်းကျွတ်မီးထွန်းပွဲမှာ စစ်အုပ်စု ခေါင်းဆောင်ပိုင်းတွေ လာတက်မှာ ဖြစ်သလို မြို့ခံ စီးပွားရေးသမားတွေကိုလည်း ပွဲတက်ဖို့ ဖိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မတက်မနေရ သဘောမျိုး ဖိတ်တာတဲ့။ မန္တလေးက လုပ်ငန်းရှင်အကြီးတွေ အကုန်လုံးကို ဖိတ်ထားတယ်တဲ့” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိ မန္တလေး ကျုံးပတ်လည်မှာ စစ်အုပ်စု ကင်းတွေ ချထားတာ တွေရပြီး မြို့အနှံ့မှာတော့ စစ်အုပ်စုနဲ့ပျူတွေ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ပြည်သူကို ဖမ်းဆီး ငွေညှစ်တာတွေ ပုံမှန်အတိုင်း ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
“လမ်းနှစ်ပြမှာ အစောင့်နှစ်ယောက် အဲ့လိုမျိုး ကျုံးဘေးမှာ ချထားတယ်။ ကျောက်တော်ကြီး ပွဲစျေးမှာ အရပ်ဝတ် ကင်းပုံးတွေ အများကြီး ရှိတယ်။ ပွဲက လူတော့ အရင်ကလောက် မစည်တော့ဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မန္တလေးကျုံးရဲ့ အရှေ့မြောက်ထောင့်၊ (၁၂)လမ်းနဲ့ (၆၆)လမ်းအနီး၊ မန္တလေးတောင်ခြေမှာ လုပ်နေတဲ့ ကျောက်တော်ကြီး ဘုရားပွဲမှာ အောက်တိုဘာ(၂၅)ရက်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် ဘုရားပွဲကို လာရောက်သူ သိသိသာသာ လျော့နည်းသွားတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းထားပေမယ့် ရန်ကုန်နဲ့ မန္တလေးလို မြို့တွေက ပြည်သူတွေဟာ စစ်အုပ်စု အုပ်စိုးမှုအောက်မှာ ပျော်ရွှင်နေကြောင်း ဝါဒဖြန့်နိုင်ဖို့ စစ်အုပ်စုက နိုင်ငံတဝန်း ပျော်ပွဲရွှင်ပွဲနဲ့ ရိုးရာပွဲတွေကို ငွေကုန်ကြေးကျခံ လုပ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်းအတွင်း ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်က လွှဲပြီး ကျန်မြို့နယ်တွေ အားလုံးမှာ အောက်တိုဘာ(၂၇)ရက်က စတင်ပြီး ညမထွက်ရအမိန့် ပယ်ဖျက်ကြောင်း စစ်အုပ်စုက ကြေညာထားပါတယ်။