မန္တလေးမြို့ ကျုံးဘေးမှာ စစ်အုပ်စုက ဦးဆောင်ပြီး နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲ လုပ်နေချိန် နန်းတွင်းထဲက စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ကို (၁၀၇မမ) ရှော့ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား No More Dictatorship People Defense Force – NMD က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ(၃၁)ရက်၊ မနေ့က ည(၉)နာရီခွဲမှာ မန္တလေးနန်းတွင်းထဲက လပခ တိုင်းစစ်ဌာနချုပ်ကို တော်လှန် New Year အဖြစ် တာဝေးပစ် (၁၀၇မမ) ရှော့ဒုံးတစ်လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကို No More Dictatorship People Defense Force – NMD နဲ့ Security & Special Task Force ( SSTF-MDY) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်အုပ်စု ထိခိုက်မှု ရှိ၊မရှိ နောက်ဆက်တွဲ အခြေအနေတော့ မသိရသေးဘူးလို့ NMD က ဖော်ပြပါတယ်။
ဒါ့အပြင် နန်းတွင်းထဲက စစ်အုပ်စု လပခ ကိုရှော့ဒုံးတွေနဲ့ တိုက်ခိုက်ဖို့ ချိန်ရွယ်ထားပြီး ဖြစ်တာကြောင့် နန်းတွင်းထဲမှာ နေထိုင်ကြတဲ့ စစ်အုပ်စု မိသားစုတွေ (၄၈)နာရီအတွင်း ထွက်ခွာကြဖို့လည်း NMD က သတိပေး ထုတ်ပြန်ပါတယ်။
“မိမိတို့ ရှော့တိုက်ဒုန်းများ အဆင်သင့် ပစ်လွှတ်ရန် ချိန်ရွယ် နေရာချထားပြီး ဖြစ်သည်။ နန်းတွင်းအတွင်း နေထိုင်သော စကစ လက်အောက်ခံများ အနေဖြင့် (၄၈)နာရီအတွင်း အချိန်မီ ထွက်ခွာရန် နောက်ဆုံး ရာဇသံပေးသည်။ မထွက်ခွာပါက အပြီးတိုင် ချေမှုန်းမည် ဖြစ်သည်” လို့ NMD က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၁)ရက်ကလည်း NMDနဲ့ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး မန္တလေး နန်းတွင်းထဲက စစ်အုပ်စု လပခ ကို ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒီ တိုက်ခိုက်မှုကြောင့် စစ်အုပ်စု ထိခိုက်သေဆုံးတာ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် စစ်အုပ်စုကတော့ ငြင်းဆိုထားပါတယ်။ ဒါပေမယ့် အဲ့ဒီ တိုက်ခိုက်မှုအပြီး ရက်ပိုင်းအတွင်းမှာပဲ ကျုံးဘေး (၆၆)လမ်းပေါ်က စသုံးလုံးရုံးမှာ စစ်အုပ်စု ဆွမ်းကပ်လှူခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။