မန္တလေးမြို့ရဲ့ အချက်အချာ နေရာဖြစ်တဲ့ စျေးချိုတော် အပါအဝင် မြို့တွင်းက ဘုရား၊ စေတီတွေနဲ့ ဘုန်းကြီးကျောင်းတွေ စုစုပေါင်း နေရာ(၂၀)လောက်မှာ ယခုရက်ပိုင်း စစ်အုပ်စု လာရောက်တပ်စွဲ အထိုင်ချ နေရာယူတာ တွေ့ရတယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်က ရပ်ကွက်ရုံး၊ ဌာနဆိုင်ရာရုံး၊ ကျောင်း၊ လမ်းဆုံလမ်းခွနဲ့ ဘုရားစေတီ တချို့မှာ စစ်အုပ်စုတွေ အထိုင်ချတပ်စွဲ ဂိတ်ဖွင့်ထားကာ နေ့စဉ်နဲ့အမျှ လမ်းပေါ်တက်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေခဲ့ရာက ယခုရက်ပိုင်းမှာတော့ စျေးချိုတော် အပေါ်ထပ် အပါအဝင် ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီ စတဲ့ အချက်အချာ နေရာတချို့မှာ ထပ်တိုး တပ်စွဲ အထိုင်ချတာလို့ ဆိုပါတယ်။
“တစ်နေရာကို (၁၅)ယောက်ကနေ (၅၀)လောက်အထိ တပ်ဆွဲထားတယ်လို့ ကျွန်တော်တို့ သတင်းရထားပါတယ်။ နေရာရော၊ လူစာရင်းရော အတိအကျကို ရထားပါတယ် “လို့ UG ခေါင်းဆောင်တစ်ဦးကလည်း ပြောပါတယ်။
မန္တလေးခရိုင် ခုနှစ်မြို့နယ်ဖြစ်တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်အတွင်း စစ်အုပ်စုက လုံခြုံရေး တိုးမြှင့်တဲ့အနေနဲ့ နေရာတချို့မှာ တပ်ဆွဲတာလို့ ဆိုပါတယ်။
နိုဝင်ဘာ(၁၃)ရက်က စတင်ပြီး မန္တလေးခရိုင် PDF တပ်ရင်းတပ်ဖွဲ့တွေက မန္တလေးမြို့ကို သိမ်းမယ့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာထားသလို ရှမ်း၊ ရခိုင်၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်းနဲ့ စစ်ကိုင်းတိုင်းထဲ မြို့သိမ်း၊စခန်းသိမ်း တိုက်ပွဲတွေ ဖော်ဆောင်လာချိန် စစ်အုပ်စုက မန္တလေးမြို့တွင်း နေရာအနှံ့ တပ်စွဲတာတွေ ပိုမို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။