မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်မီးပွိုင့်အနီး၊ ရန်ကုန် – မန္တလေး (၇၈)လမ်းပေါ်က စစ်အုပ်စုဂိတ်အနီးမှာ ဒီမနက်ပိုင်း အမျိုးသမီးနှစ်ဦးက ဗုံးလာချသွားလို့ ဆိုပြီး စစ်အုပ်စုက မြို့ အဝင်အထွက်နဲ့ မြို့တွင်းနေရာအနှံ့ ပိတ်ဆို့စစ်ဆေး ငွေညှစ်တာ၊ အိမ်စီးကားတွေနဲ့ အပူတပြင်း ရှာဖွေစစ်ဆေး ငွေညှစ်တာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာ(၂)ရက် ဒီမနက် (၁၀)နာရီခွဲကျော်က မန္တလေးမြို့ တံခွန်တိုင်မီးပွိုင့်အနီး (၇၈)လမ်းပေါ်က အမှတ်(၃၂) အထကကျောင်း အနီးကို ဆိုင်ကယ်နဲ့ အမျိုးသမီးနှစ်ဦးက အိတ်မဲတစ်လုံး ချထားခဲ့ပြီး မသင်္ကာလို့ မိုင်းရှင်းလင်းရေး လုပ်ခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
တံခွန်တိုင် မီးပွိုင့်အနီးက စစ်အုပ်စုဝန်းထဲ ဗုံးပစ်ခံရတာကို စစ်အုပ်စုက စာသင်ကျောင်းအနီး ဗုံးချသွားတာလို့ သတင်းမှားလွှင့်တာ ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“အိတ်အမဲကို တာယာကွင်းတွေနဲ့ လုပ်နေကြတာ။ စာသင်ကျောင်းနား မဟုတ်ဘူး။ မြောက်ဘက်က စစ်တပ်ဝန်းဘက်က သူတို့ ယူလာတာ”လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုဟာ မန္တလေးမြို့တွင်းနဲ့ မြို့အဝင်အထွက် လမ်းတွေမှာ ပိတ်ဆို့စစ်ဆေး ငွေညှစ်တာတွေ လုပ်နေပြီး ဆိုင်ကယ်တွေကို တူးဘောက်တွေပါ ဖွင့်ပြီး စစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဟွန်ဒါဖစ်၊ မတ်တူး စတဲ့ အိမ်စီးကားတွေ သုံးကာ အရပ်ဝတ်စစ်အုပ်စုက မြို့တွင်းအနှံ့ လမ်းတွေကို လှည့်လည်ပြီး မသင်္ကာတဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို ရပ်တန့်စစ်ဆေး ငွေညှစ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဒီမနက်ပိုင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းနဲ့ ဧရာထွန်းရပ်ကွက်တွေကိုလည်း ပိတ်ဆို့ကာ ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ လုပ်ခဲ့ပြီး ဒေသခံတွေ ဖမ်းဆီးခံရမှု ရှိ။မရှိကိုတော့ MFP အနေနဲ့ အသေးစိတ် အတည်မပြု နိုင်သေးပါဘူး။
စစ်အုပ်စုက မန္တလေးမြို့အနှံ့ နေ့ရောညပါ ဖမ်းဆီးစစ်ဆေး ငွေညှစ်တာ၊ စိတ်ထင်တိုင်း အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်နေတဲ့ကြားကပဲ သြဂုတ်(၃၁)ရက် နေ့လည်ပိုင်းက သာမန်ပြည်သူ အဝင်အထွက်နည်းတဲ့ မန္တလေးကျုံးနဲ့ မလှမ်းမကမ်း၊ လမ်း(၇၀)နဲ့(၂၈)လမ်းထောင့်က မန္တလေးတိုင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနရုံးဝန်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ဝန်ထမ်းတွေ ဒဏ်ရာ ရခဲ့ပါသေးတယ်။