မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်ရှိတဲ့ လျှပ်စစ်နဲ့မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင် ဖြစ်ပွားတဲ့မီးလောင်မှုကြောင့် ဒဏ်ရာရခဲ့သူတွေထဲက ဒီနေ့အထိ သေဆုံးသူ ၅ ဦး ရှိလာပြီလို့သိရပါတယ်။
အောင်နန်းရိပ်သာအရှေ့ရပ်ကွက် မှာ ရှိတဲ့ အရောင်းဆိုင်မှာ မေလ ၃၁ ရက်က ဂတ်စ်အိုး ဂတ်စ်ဖလှယ်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ဒေသခံအချို့ဆီကသိရပါတယ်။
မီးလောင်မှုအတွင်း မီးလောင်ဒဏ်ရာရရှိခဲ့သူ ၇ ဦးရှိခဲ့ပြီး ဆေးရုံတက်ကုမှုခံယူခဲ့ရပါတယ်။ ဓာတ်ပုံတွေအရ အရေပြားမီးဟပ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သူတွေကိုတွေ့ရပါတယ်။
ဆေးရုံမှာ ကုသမှုခံယူနေချိန်မှာ ဇွန်၁ ရက်ကနေ ဒီနေ့အထိ ၅ ရက်တာအတွင်း ၅ ဦး သေဆုံးခဲ့ရတာပါ။
ဒီနေ့မှာထပ်မံသေဆုံးသူကတော့ အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသားဖြစ်ပါတယ်။ သေဆုံးသူ ၅ ဦးထဲမှာ အမျိုးသား ၄ ဦး၊အမျိုးသမီး ၁ ဦး တို့ပါဝင်ကြပါတယ်။
သေဆုံးသူအချို့ဟာ မီးလောင်တာကို ဝင်ရောက်ငြိမ်းသတ်ရင်း ဒဏ်ရာရခဲ့ကြတာလို့သိရပါတယ်။