ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မန်တုံမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၁၃၀ တပ်စခန်းတွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မန်တုံမြို့ ခလရ-၁၃၀ တပ်စခန်းက လွယ်ကန်ကျေးရွာ၊ နမ့်ဆန်မြို့လမ်းခွဲ ၊ ဒုက္ခသည်စခန်းနှင့် ပန်နင်ကျေးရွာလမ်းခွဲတို့ကို လက်နက်ကြီးဖြင့် အကြိမ် ၇၀ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်မှလည်း အထက်ပိန်ပြစ်ကျေးရွာကို လက်နက်ကြီးဖြင့် ၁ ကြိမ်၊ စလောင်းတောင်ကို ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မန်တုံမြို့ အနီးတဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၅ ကြိမ်၊ Mi35 ဖြင့် ၈ ကြိမ်၊ Y12 လေယာဥ်ဖြင့် ၃၄ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို အကြမ်းဖက် စစ်တပ်က စစ်ကူလူအင်အားနှင့် ရိက္ခာများ ၂ ကြိမ် ထပ်မံလာရောက် ပို့ချခဲ့ကြောင်း၊ အလားတူ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကိုလည်း စစ်ကူလူအင်အားနှင့် ရိက္ခာများ ၁ ကြိမ် လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။