ရှမ်းမြောက်ရှိ မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။
TNLAက ရှမ်းမြောက်ရှိ မြို့များ အလုံးစုံထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ဒီဇင်ဘာ ၁၅ရက်တွင် နမ့်ဆန်၊ ဒီဇင်ဘာ ၁၉ရက်တွင် နမ့်ခမ်းမြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး မန်တုံတွင်လည်း စစ်ကောင်စီ၏ ခလရ(၁၃၀) တပ်စခန်းသာ ကျန်တော့သည်ဟု ဆိုသည်။
“မန်တုံကတော့ တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီနေ့မနက်မှာလည်း စစ်ကောင်စီဘက်က လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေရှိတယ်”ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်နေကြောင်းလည်း ၎င်းက ပြောသည်။
TNLA သိမ်းထားသည့် နမ့်ခမ်းမြို့၌ ပြည်သူများ ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ပြောပြသည်။
“နမ့်ခမ်းကတော့ ပြန်ပြီးတော့ လည်ပတ်နေတယ်။ စျေးတွေ ထွက်ရောင်းနေပါပြီ။ မနက်စျေး နေ့စျေးအဲဒီလိုမျိုး သွားလာမှုတွေရှိနေပါတယ်။ နမ့်ဆန်ဘက်ကလည်း တချို့တွေ ရွာဘက်တော့ ပြန်လာနေပါပြီ။ မပြန်လာသေးတဲ့ သူတွေလည်းရှိပါသေးတယ်”ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့ တပ်စခန်းများ မကျရေးအတွက် လေကြောင်း ၊ လက်နက်ကြီး ပစ်ကူ အကြိမ်ကြိမ် အသုံးပြု ခုခံနေရပြီး ထိုသို့ ပစ်ကူပေးနေသည့် ကြားမှ နမ့်ဆန်နှင့် နမ့်ခမ်းမြို့မှ တပ်စခန်းကြီးများအပါအဝင် တပ်စခန်း ၆၀ကျော်ကို TNLAက တိုက်ခိုက်သိမ်းပိုက်ထားသည်။