ကချင်ပြည်နယ် မံစီမြို့နယ်၊ မန်ဝိန်းကြီးမှ ခြေမြန်တပ်ရင်း-ခမရ ၄၂၄ စခန်းသိမ်းတိုက်ပွဲတွင် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကိုဖြတ်၍ ရွှေလီမြစ်ကိုရေကူးပြီး တရုတ်နိုင်ငံဘက်သို့ထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ကို တရုတ်အစိုးရက စစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးလိုက်သည်။
မန်စီမြို့နယ်၊ကောင်းမှုယန်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၂၄) ရှေ့တန်းစခန်းတခုကို ဇန်နဝါရီလ ၁၉ ရက်နှင့် ခမရ (၄၂၄) ပင်မတပ်ရင်းနှင့် ရဲစခန်းကိုဇန်နဝါရီ ၂၁ ရက်တွင် KIA တပ်မဟာ(၃)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ရာကျော် လက်နက်ချခဲ့သော်လည်း ၆၀ ခန့်သည် ရွှေလီမြစ်ကိုကူးကာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့သည်။
ထွက်ပြေးသွားသောစစ်ကောင်စီတပ်သားများကို တရုတ်အစိုးရကလည်း ဇန်နဝါရီလ ၂၂ရက်တွင် စစ်ကောင်စီထံသို့မူဆယ်နယ်စပ်မှတစ်ဆင့်ပြန်လွှဲပေးလိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များကပြောသည်။
“ဟိုကောင်တွေက ရေကူးပြေးတာ။ တရုတ်ရဲကတန်းဖမ်းတာ။ ဖမ်းပြီးနောက်နေ့ပြန်လွှဲတာ။ စုစုပေါင်း ၅၇ယောက်” ဟု မူဆယ်လဝကဌာနနှင့် နီးစပ်သူတစ်ဦးကပြောသည်။
တရုတ်ဖက်ကလွှဲပြောင်းမှုကို စစ်ကောင်စီ ၏ခလရ -၂၉၀တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ရွှေမောင်က လက်ခံကာ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။
ထွက်ပြေးသွားပြီး ပြန်လည်လွှဲပြောင်းခံရသူများမှာ ခမရ (၄၂၄)မှ ဗိုလ်မှူးတစ်ဦး၊ အခြားအဆင့် ၂၁ဦးနှင့်မန့်ဝိန်းကြီးရဲစခန်းမှ အရာရှိ သုံးဦး၊နမ့်ခမ်း ပြည်သူ့စစ်မှ ၁၁ဦးအပါအဝင် စုစုပေါင်း ၅၇ ဖြစ်ကြောင်း သတင်းရရှိသည်။
အန္ဒိယနယ်စပ်ဒေသများမှ တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံဘက်သို့ထွက်ပြေးလေ့ရှိသည်။ ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိန္ဒိယအစိုးရကလည်း စစ်ကောင်စီထံအကြိမ်ကြိမ် ပြန်ပို့ပေးနေရသည်။ ရခိုင်၊ချင်း ၊စစ်ကိုင်းဒေသတွင်ဖြစ်သောတိုက်ပွဲများကြောင့်နယ်စပ်ကိုဖြတ်၍ အိန္ဒိယသို့ထွက်ပြေးသောစစ်ကောင်စီတပ်သား ၂ လအတွင်း ၇၀၀ ခန့်ရှိသည်။
ဇန်နဝါရီ ၂၃ရက်က အိန္ဒိယနိုင်ငံ၊မီဇူရမ်ပြည်နယ်၊လန်ပူအီ လေယာဉ်ကွင်း၌ ထွက်ပြေးသွားသောနောက်ဆုံးအသုတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားသွားရောက် ခေါ်ဆောင်သည့် စစ်ကောင်စီလေယာဉ်တစ်စီး ပြေးလမ်းချော်ပြီးပျက်စီးခဲ့သည်။ ထိုဖြစ်စဥ်၌ ဒဏ်ရာရသူများကိုဆေးရုံသို့ ပို့သည့်ကားသည် လမ်းခုလတ်မှ ကုန်းကျော်တံတားတစ်စင်းနှင့်ငြိမိပြီးမတော်တဆဖြစ်ပွားခဲ့ပြန်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကရပ်တန့်ထားသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ကောင်စီစခန်းများကိုဆက်လက်တိုက်ခိုက်နေသည်။ KIA နှင့် ပူးပေါင်းတပ်များက မိုးမိတ်မြို့ကို တိုက်ခိုက်နေပြီး ဇန်နဝါရီ ၂၄ ရက်ကပင် နမ့်ဖက်ကာမြို့အခြေစိုက် ခလရ(၁၂၃)ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။