ရှမ်းပြည်နယ် မဘိမ်းမြို့နယ် ရမ်းဘိုကျေးရွာတွင် ဇွန် ၁ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ရက်နံနက်တွင်လည်း ထပ်မံတိုက်ခိုက်ခဲ့သည့်အတွက် ဗုံးကြဲတိုက်ခိုက်မှု ၈ ကြိမ်ရှိခဲ့ကြောင်း ဒေသနှင့် နီးစပ်သူများက ပြောသည်။
“၁ ရက်နေ့ ည ၁၀နာရီ ၂၀ လောက်မှာ စကြဲတယ်။ တိုက်ပွဲက ၂ ရက်နေ့ မနက် ၄ နာရီလောက်မှာ ဖြစ်တယ်။ ၂ ရက်နေ့မနက်မှာ ရွာကိုလေယာဉ်နဲ့ အလွတ်ပြန်ကြဲတယ်။”ဟု ဆိုသည်။
ရမ်းဘိုကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ ဇွန် ၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်နယ် မဘိမ်းမြို့နယ်အစပ်တွင်ဖြစ်ပြီး ရွာသားများ ထိခိုက်ကျဆုံးမှုရှိကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။
ရွာလူနေအိမ် ၃ အိမ် ထိခိုက်ပျက်စီးကြောင်းနှင့် ထိခိုက်ခံရသည့် ရွာသားများလည်းရှိသည်ဟု သိရသော်လည်း အတိအကျ မသိရကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။