ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ဟာ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်သွားပြီလို့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ဇန်နဝါရီ(၃၁)ရက် ည(၁၂)နာရီမှာ ထုတ်ပြန်ပါတယ်။
မဘိမ်းမြို့ကို မြောက်ပိုင်း ညီနောင်သုံးဖွဲ့ဝင် ရက္ခိုင့်တပ်တော် – AA၊ ကချင်လွတ်လပ်ရေး တပ်မတော် – KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF အပါအဝင် ဒေသခံ တော်လှန်ရေး အဖွဲအစည်းတွေ ပါဝင်သော စုပေါင်းမဟာမိတ်အဖွဲ့က ဇန်နဝါရီ(၂၀)ရက်မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး မဘိမ်းမြို့နယ်၊ ကုန်းမခံရွာ စစ်အုပ်စု စခန်းနဲ့ မဘိမ်းမြို့မ ရဲစခန်းကို ပေးဆပ်မှုအနည်းဆုံးနဲ့ မြို့သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
“ကုန်းမခံရွာ အနီးမှာရှိတဲ့ စစ်အုပ်စု စခန်းဟာ အခိုင်အမာ စခန်းတစ်ခု ဖြစ်ပြီး ယခုမှ အပြီးသတ် ချေမှုန်းတိုက်ခိုက် သိမ်းပိုက် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရန်သူ့ဖက်မှလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ကူ အမြောက်အများဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း မိမိတို၏ ဟန်ချက်ညီ ထိုးစစ်အောက်တွင် မရှုမလှ ကျဆုံးခဲ့ရပြီး ယခုဆိုလျှင် မဘိမ်းမြို သည်လည်း စစ်အာဏာရှင်၏ အုပ်ချုပ်ရေး ယန္တရားအောက်မှ လွတ်မြောက်သော မြို့တစ်မြို့ ဖြစ်ခဲ့ပြီ” လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ က ဖော်ပြပါတယ်။
မဘိမ်းမြို့ကို တော်လှန်ရေး စုပေါင်း မဟာမိတ်တပ်ဖွဲက သိမ်းပိုက်ပြီးချိန်ကစလို့ ယနေ့အထိ ဆက်လက် ထိန်းချုပ် ထားနိုင်ဆဲ ဖြစ်သလို စစ်အုပ်စု စခန်းတွေကနေ လက်နက်ခဲယမ်း၊ စစ်အုပ်စု တပ်သားအလောင်းတွေ အပါအဝင် အရှင်ဖမ်းမိတာတွေလည်း ရှိတယ်လို့ ABSDF တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ရဲဘော် ကျော်ကျော်လင်းက ပြောပါတယ်။
မဘိမ်းမြို့ဟာ ရှမ်း၊ ကချင်နဲ့ စစ်ကိုင်းတိုင်း အစပ်မှာ တည်ရှိတဲ့ မြို့ဖြစ်ပြီး တော်လှန်ရေးတပ်တွေက မြို့ကို အလုံးစုံ သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
တော်လှန်ရေး တပ်တွေ အနေနဲ့ မဘိမ်းမြို့နဲ့ ထိစပ်နေတဲ့ မိုးမိတ်မြို့ကိုပါ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပြီး မိုးမိတ်မြို့သိမ်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေတွေ မသိရသေးပါဘူး။