ထိုင်း-ကရင်နီနယ်စပ် မယ်စဲ့မြို့အတွင်းရှိ စစ်ကောင် စီတပ်၏ နောက်ဆုံးဗျူဟာ ကုန်းဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ-၄၃၀) မှ တပ်စွဲထားသည့် PB-13 စခန်းကုန်းမှ စစ်ကောင်စီ တပ်သား ၁၈ ဦးသည် လက်နက်များအပ်၍ ပြည်သူ့ရင်ခွင်ခိုလှုံလာ ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရသည်။
ခမရ-၄၃၀ တပ်စွဲထားသည့် PB-13 စခန်းကုန်းကို ယမန်နေ့ ဇွန် ၂၃ ရက်နေ့ နံနက် ၅ နာရီ၀န်းကျင်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သား ၂၁ ဦးမှာ တပ် သား ၁၈ ယောက်က လက်နက်ချ အညံ့ခံပြီးတော့ အရာရှိ သုံး ယောက်က ပျောက်နေတယ်”ဟု ကရင်နီစစ် ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကရင်နီပြည်နယ် မယ်စဲ့မြို့ရှိ မယ်စဲ့မြို့မရဲ စခန်း၊ ထိုင်း-မြန်မာ နယ်ခြားအမှတ် BP-14, 15, 16 ဖြစ်သည့် မယ်တနွယ်စခန်း၊ တောင်လှစခန်းတို့ကို ပြီးခဲ့သည့် ဇွန် ၁၄ ရက်နေ့တွင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် 4Kမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယမန်နေ့ ဇွန် ၂၃ ရက်တွင် စစ်ကောင်စီတပ်၏ နောက်ဆုံးစခန်းကုန်း BP-13 ဗျူဟာကုန်းကို သိမ်းပိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ရဟတ်ယာဉ် လေးစီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး KA ရဲဘော်တစ်ဦး၊ KNDF မှရဲဘော်နှစ်ဦးနှင့် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF)မှ ရဲဘော်တစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။