ထိုင်း-ကရင်နီနယ်စပ်၊ မယ်စဲ့မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် ဒီကနေ့ ဇူလိုင်လ ၆ ရက်မှာတော့ စစ်တိုက်လေယာဉ်နဲ့ ဗုံးဆက်တိုက်ကြဲပြီး ထွက်လမ်း ဖော်ပေးနေတယ်လို့ ကရင်နီ တော်လှန်ရေး ရဲဘော် တစ်ဦးကပြောပါတယ်။
မယ်စဲ့၊ ပန်တိန်းဘက် တစ်နေရာမှာ စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီးနောက် လေယာဉ်တွေ ဆက်တိုက်ဝဲပျံနေဆဲဖြစ်ပြီး ပိတ်မိနေတဲ့ စစ်ကြောင်း ဖောက်ထွတ်နိုင်ဖို့ ကူညီနေတယ်လို့ သူကပြောပါတယ်။
လက်ရှိ မယ်စဲ့မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ရေးအခြေအနေ အသေးစိတ် ဖြေကြားလို့ မရသေးဘူးလို့ ကရင်နီ တော်လှန်ရေး ရဲဘော်က ပြောပါတယ်။
ဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ဖို့ မဲခေါင်သတင်းဌာန အနေနဲ့ ကရင်နီပြည်နယ်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆက်သွယ်ပေမဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ကောင်စီ စခန်းတွေကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ ဇွန်လ ၁၁ ရက်က စပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်ရှိ စစ်ကောင်စီဘက်က မယ်စဲ့မြို့နယ်အတွင်း စခန်း ၂ သာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ ကလလတ ခေါင်းဆောင် တစ်ဦးက ပြောဆိုထားပါတယ်။