ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှုးများအနေဖြင့် ကျေးရွာတစ်ရွာလျှင် လူအင်အား ၃၀ စီပေးရမယ်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်တောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ထံကသိရသည်။
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု (၈၈) အုပ်စုရှိပြီး စစ်ကောင်စီတပ်က ကျေးရွာ တစ်ရွာလျှင် အယောက် ၃၀ ပေးရမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်းသိရသည်။
“တစ်ရွာကို ယောက်ျားလေး အယောက် ၃၀ ရှာပေးရမယ်တဲ့။ ဘယ်လိုလုပ်ရှာမလဲ၊ သူ့အလုပ်နဲ့သူ တချို့သူတွေဆို စားဝတ်နေရေးအဆင်မပြေလို့တောင် ထမင်းမငတ်ရုံ တမယ် နေကြရတာလေ။ ကိုယ့်ဘာသာပဲ လာကြည့်လို့ ပြောထားတယ်။ ညအချိန် မတော်ထွက်တဲ့သူရှိရင် ဖမ်းသွားလို့ပဲ ပြောလိုက်တယ်” ဟု အမည်ဖော်ပြလိုခြင်း မရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်က ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ကျိုတ်လတ်မြို့နယ်နှင့် မအူပင်မြို့နယ်များရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က ပေါ်တာဝင်ဆွဲခြင်းများ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း မော်လမြိုင် ကျွန်းမြို့နယ်ရှိ လူငယ် ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများ ရှိကြောင်း ဒေသခံများထံက သိရသည်။
“အခု လူအယောက် ၃၀ တောင်းတာက လုပ်အားပေးအတွက်လည်း မဟုတ်ဘူး။ ခဏ ခေါ်ခိုင်းတာလည်းမဟုတ်ဘူး။ သေတွင်းထဲပို့မလို့လုပ်နေတာ၊ စစ်ကောင်စီတပ်တွေ အနယ်နယ် အရပ်ရပ်မှာ သေနေကြတာ။ သူတို့တပ်ထဲအင်အား လျော့လာလို့ စစ်မှု ထမ်းခိုင်းဖို့ လုပ်နေတာ။ ညအချိန်မတော်သွားလာလို့ အဖမ်းခံရတဲ့သူတွေကတော့ မတတ်နိုင်ဘူး” ဟု အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။