ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မအူပင်မြို့ဝင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ် အရာရှိအချင်းချင်းပစ်ခတ်မှုဖြစ်စဉ်အတွက် အရာခံဗိုလ်ရဲ့သား ဗိုလ်ကြီးအား စစ်ကောင်စီတပ်က အပြီးထုတ်ပယ်ခဲ့ကြောင်း တပ်တွင်းသတင်းရစ်မြစ်များထံမှ သိရသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်အရာရှိ ၂ ဦးသေဆုံးခဲ့သော်လည်း အရာခံဗိုလ်ကို တရားခံလိုစွပ်စွဲပြီး မိသားစုကို လိုင်းခန်းမှနှင်ထုတ်ခဲ့တဲ့အပြင် သားဖြစ်သူ ဗိုလ်ကြီးကိုပါ စစ်ကောင်စီတပ်ကနေ အပြီးထုတ်ပယ်ခဲ့တာလို့ စစ်ကောင်စီတပ် အသိုင်းဝိုင်းနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။
” လိုင်းခန်းကလည်း နှင်ထုတ်တယ်၊ သားကိုလည်းတပ်ကထုတ်ပစ်တယ်၊ ခုက အရာရှိက ကြီးနိုင်ငယ်ညှင်းလုပ်လွန်းလို့ ဆရာကြီးက ပစ်တာဖြစ်နိုင်တယ်။ အဲ့တာကို တရားခံလို တပ်တွင်းအရေးယူတာတွေလုပ်နေတယ်”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်ဘက်က အရာခံဗိုလ်ရဲ့ မိသားစုဝင်များကို လိုင်းခန်းမှ နှင်ထုတ်ပြီးနောက် သေဆုံးမှုနှင့်ပတ်သက်ပြီး ပင်စင်ခံစားခွင့်ကိုပါ ရုတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။
မအူပင်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်းပစ်ခတ်မှုတွင် ဗိုလ်ကြီးတစ်ဦးမှာ သေဆုံးပြီးနောက် အရာခံဗိုလ်အဆင့်ရှိသူမှာ မိမိကိုယ်ကိုသေနတ်ဖြင့် ပစ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင်ရှိသည့် စစ်ကောင်စီတပ်သားမှား ပုသိမ်မြို့ရှိ ရွှေမြင်တင်ရွာမှ အမှတ် ၆ လေ့ကျင့်ရေးတပ်မှ ဖြစ်ကြောင်း တပ်တွင်းသတင်းရစ်မြစ်များထံမှ သိရသည်။