မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် မီတာဖတ်စာရေးအချို့က ပြည်သူများ၏ မီတာခများအားလိမ်လည်သွားပြီး စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)ကလည်း တာဝန်မယူဘဲ ကြွေးကျန်မီတာများဖြုတ်သိမ်းရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။
မိတ္ထီလာမြို့တွင် ပြည်သူအချို့က လျှပ်စစ်မီတာခကို EPC ရုံးသွားမဆောင်ဘဲ မီတာဖတ်စာရေးအချို့အား ပေးဆောင်စေခဲ့ရာ ၎င်းတို့က ရုံးပြန်မသွင်းဘဲ လိမ်လည်ထွက်ပြေးသွား၍ မီတာခဆုံးရှုံးခဲ့သူများရှိနေကြောင်း ဒေသခံများက ပြောသည်။
EPC ရုံးကလည်း ၎င်းတို့ခန့်ထားသည့်ဝန်ထမ်းများအတွက် တာဝန်မယူဘဲ မီတာခ ၄လအထက် မသွင်းရသေးသည့် ကြွေးကျန်မီတာများကို ဖြုတ်သိမ်းမည်ဟုသိရကြောင်း မိတ္ထီလာမြို့ခံများက ပြောသည်။
“သူတို့နဲ့မဆိုင်သလို အလိမ်ခံရတဲ့ပိုက်ဆံတွေ ကိုယ့်ဘာသာကိုယ်ပြန်ဆောင်ရတယ်။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။
လိမ်လည်သွားသည့်ဝန်ထမ်းအရေအတွက်နှင့် မီတာခများ၏ပမာဏ မသိရသေးသော်လည်း မီတာဖတ်စာရေးအချို့ထံ ပေးဆောင်ခဲ့သူအများအပြားရှိ၍ ရုံးသို့သွားရောက် စုံစမ်းနေကြသည်ဟု သိရသည်။
မီတာဖတ်စာရေးများသည် မီတာယူနစ်များကိုလည်း ပို၍ကောက်ယူလေ့ရှိနေကြောင်း မြို့ခံများက ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းတွင် ပြည်သူများက မီတာခများပေးသွင်းခြင်းမပြုဘဲ အာဏာသိမ်းမှုဆန့်ကျင်ခဲ့ကြပြီး စစ်အုပ်စုက မီတာများအား ဖြုတ်သိမ်းမှုများပြုလုပ်ခဲ့သည်။