ကင်းလှည့်ရင်း မိန်းမခိုးကာ စခန်းကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ရှိ တောင်ညိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ဟာ ဩဂုတ် (၂၂) ရက်၊ ည ၁၀ နာရီ ၂၀ မိနစ်လောက်က ကျောက်ကုန်းကျေးရွာဘက်ကိုကင်းလှည့်ရင်းနဲ့ မိန်းမခိုးပြီးတော့ စခန်းကို ပြန်လာခဲ့ကြတာလို့ Bago Region PDF ဆီက သိရပါတယ်။
အဲဒီလိုပြန်လာရင်း ကံစုသင်္ချိုင်းကုန်းအနီးအရောက်မှာ PDF သာယာဝတီခရိုင် တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ ၂ (Phoenix DF၊ Nattalin PDF) တို့က မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၂ ယောက်သေဆုံးပြီး လိုက်ပါလာသူအမျိုးသမီးနဲ့ အခြား ရဲ ၁ ယောက်တို့ ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ Bago Region PDF က သတင်းထုတ်ပြန်ထားပါတယ်။
နတ်တလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီအလိုကျအတိုင်း ရဲတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းတဲ့ ပြည်သူတွေကို မထင်ရင်မထင်သလို တားဆီးစစ်ဆေးမှုတွေ၊ ဖမ်းဆီးမှုနဲ့ ဆိုင်ကယ်သိမ်းမှုတွေကို ပြုလုပ်နေတာကြောင့် အလုပ်လိုတိုက်ခိုက်ရခြင်းဖြစ်တယ်လို့ တော်လှန်ရေးဘက်က ဆိုပါတယ်။
ဒါ့ကြောင့် အလားတူလုပ်ရပ်မျိုး ဆက်လက်လုပ်ဆောင်ဦးမယ်ဆိုရင် နည်းမျိုးစုံနဲ့တိုက်ခိုက်သွား ဦးမှာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ကလည်း စစ်ကောင်စီနဲ့ လက်ပါးစေတပ်သားတွေကို ဝေးဝေးကရှောင်သွားကြဖို့ Bago Region PDF က အသိပေးထားပါတယ်။