ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့က မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် အိမ်ခြေ ၁၀၀၀၀ (တစ်သောင်း) ကျော်ရှိသည့် ကျောက်တော်မြို့တွင် အိမ်ခြေအားလုံးနီးပါး အမိုးလန်ပျက်စီးခဲ့ပြီး သေဆုံးသူမရှိဘဲ ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိကြောင်း ပရဟတိအဖွဲ့များထံက သိရသည်။
ယမန်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်းမြို့ နယ်အပြင် စစ်တွေ၊ ကျောက်တော်၊ မောင်တော၊ မြောက်ဦး၊ ဂွ၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ အမ်း၊ သံတွဲ အစရှိသည့် မြို့နယ်များ၌ အဆောက်အအုံ၊ နေအိမ်များ ပျက်စီးမှုများပြီး မြို့နယ်တချို့တွင် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေ ကြောင်း သိရသည်။
စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ကော်မတီသည် စစ်တွေ၊ ပေါက်တော၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ကျောက်ဖြူ၊ မာန်အောင် မြို့နယ်တို့ကိုသာ ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့် ဒေသများအဖြစ် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က သတိပေးထုတ်ပြန်ထားသည်။