မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေးနဲ့ ဧရာဝတီတို့မှာ သေဆုံးသူ (၅) ဦးအထိရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မုန်တိုင်းကြောင့် ကနဦးထိခိုက်ပျက်ဆီးမှု အခြေအနေကို ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
အင်အားကြီးမားတဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ ဒီနေ့ မေလ (၁၄) ရက် ၁၁ နာရီ ခွဲ အချိန်မှာ လေတိုက်နှုန်းတစ်နာရီလျှင် မိုင် (၁၃၀) နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့တာပါ။
မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ နောက်ဆက်တွဲဖြစ်စဉ်
ကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေးနှင့် ဧရာဝတီတို့တွင် သေဆုံးသူ (၅) ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
စစ်တွေမြို့တွင် လေတိုက်နှုန်းပြင်းထန်မှုကြောင့် MPT ဆက်သွယ်ရေးတာဝါတိုင် ကျိုးကျပျက်ဆီးခဲ့ပြီး စစ်တွေမြို့၌ ဆက်သွယ်လိုင်းရေးများပြတ်တောက်နေပါတယ်။
ဒါ့အပြင် စစ်တွေမြို့ပေါ်တွင် နှစ်ရှည်ပင် တချို့ ပြိုလဲခြင်း၊ နေအိမ်အချို့ အမိုးလန်ပျက်စီးတာတွေဖြစ်ပွားခဲ့ပြီး ဂွမြို့နယ်၊ကမ်းသာယာအနီး ရွှေဦးကင်းရွာတွင်လည်း အိမ်ခြေ ၅၀ ခန့်ပျက်ဆီးခဲ့ကြောင်းကနဦးသတင်းပေးပို့မှုတွေအရသိရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အနီရောင်အဆင့်သတ်မှတ်ခံထားရတဲ့ (၇) မြို့နယ်တွင် လေပြင်းများတိုက်ခတ်ခြင်းနဲ့ လှိုင်းကြီးတာတွေ ဖြစ်ပေါ်နေပါတယ်။
မုန်တိုင်းဝင်ရောက်ပြီး ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒီရေဝင်ရောက်နိုင်တာ၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းပြည်နယ်မှာ မြေပြိုတာ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ
လျှပ်စီးလက်တာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပွားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေး
ဖော်ပြထားပါတယ်။
မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေများကို ထပ်မံပြီး ထုတ်ပြန်ပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။