ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် KIO ထိန်းချုပ်နယ်မြေရှိ ရှအစ်ယန်စစ်ရှောင်စခန်း၌ ယမန်နေ့ည နံနက်ပိုင်း ၁ နာရီခန့်တွင် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဆေးရုံများ ပျက်စီးသွားကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။
“မနေ့ည ကျွန်မအိမ်မှာတော့ ခေါင်မိုးတွေအားလုံး လန်ကုန်တာ မနေ့ည တစ်နာရီကျော် နှစ်နာရီပတ်ဝန်းကျင်ဟုတ်တယ်။ တစ်ညလုံး မအိပ်ဘူး။ တစ်စက္ကန့်တောင်မှ မအိပ်ဘူး။ အိပ်လို့မရဘူး။ တခြားတွေလည်း ဖြစ်တယ်။ အများပိုင်းကတော့ ခေါင်မိုးလန် သွားတယ်၊ ကျွတ်ထွက်သွားတယ်၊ အုတ်ကြွတ်တွေကျတော့ ကျွတ်ထွက်သွားတယ်။ ဟို အထက်က မူလတန်းကျောင်းလည်း အားလုံး လန်ကုန်တယ်။ ပြီးရင် ဆေးရုံးလည်း လန်ကုန်တယ်၊ ပြိုလှဲတာတော့ မရှိဘူး။ သွပ်မိုးတွေ အကုန်လန်ကျသွားတာ၊ အများပိုင်းလောက်ဖြစ်သွားတယ်၊ မဖြစ်ဘူးဆိုတာတော့ မရှိဘူး။ အနည်းနဲ့ အများပဲ။”ဟု ဆိုသည်။
မိုခါမုန်တိုင်း ကျရောက်မည်ကို ကြိုတင်သိရှိသော်လည်း ရှောင်ပြေးရန် နေရာအခက်အခဲကြောင့် ကြိုတင်တိမ်းရှောင်မှုမရှိခဲ့ဘဲ၊ လူအထိအခိုက် ရှိမရှိမသိရသေးကြောင်း ၎င်းစစ်ရှောင်ပြည်သူက ဆက်ပြောသည်။
“ကြိုတင်ကတော့သိတယ်။ ပြောတော့ပြောကြတာ ဟုတ်တယ်။ ကျွန်မတို့လည်း သိတယ်။ သိပေမဲ့ ဘယ်လိုမှ မတတ်နိုင်ဘူးလေနော်။ သိသိကြီးနဲ့ ရောက်လာတာပေါ့။ လူအထိအခိုက်ကတော့ ခုထိတော့ ကြားရသလောက်တော့ မရှိသေးဘူး။ အခု လိုက်စစ်ဆေးနေတယ်၊ စာသင်ကျောင်းက အိမ်သာတွေလည်း အကုန်လှဲ ကုန်တယ်။”ဟု ပြောသည်။
၎င်းရှအစ်ယန် စစ်ရှောင်စခန်းသည် ကချင်ဒေသတကျော့ပြန် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စခန်းဖြစ်ကာ ထိုကဲ့သို့ မုန်တိုင်းကျရောက်မှုသည် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး စစ်ရှောင်လူနေအိမ်များနှင့် အိပ်သာများ အပါအဝင် ၅၈ လုံး ပျက်စီးသွားကြောင်း Kachin Gender Star Group က ဖော်ပြထားသည်။