မြန်မာနိုင်ငံတွင် အင်အားပြင်း မိုချာဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၃ ရက်နေ့တွင်ဝင်ရောက်မည်ဟု ပညာရှင်များက သတိပေးနေကြသော်လည်း စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့တွင် နေစဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အား မေလ ၇ ရက်နေ့မှစတင်၍ယနေ့အထိ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ၊ ကင်းထောက်ပျံသန်း နေမှုများ ပြုလုပ်နေပြီး မေလ ၇ ရက်နေ့ညတွင် ဂျက်တိုက်လေယာဉ် ဖြင့်လာရောက် ပစ်ခတ်ခဲ့၍ PDFရဲဘော် သုံး ဦးသေဆုံးခဲ့ပြီး လေး ဦးဒဏ်ရာရရှိခဲ့သည်။
“စခန်းကို လေကြောင်းတိုက်ခိုက်ခံရပြီး နောက်ဆက်တွဲအခြေအနေနဲ့ကတော့လေ ကြောင်း ကင်းထောက်မှုတွေရှိသေးတယ်ဗျ။ စစ်ကောင်စီဘက်က စစ်ရေး လှုပ်ရှားမှု တွေလဲပိုလုပ်လာပါတယ်။ ကျွန်တော်တို့ဘက်ကလဲပြင်ဆင်ထားပါတယ်ဗျ” ဟု ကျားဖြူ တပ်ခွဲ(၁) ဝာာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ရေးမြို့နယ်အတွင်း မေလ ၇ ရက်၊ ၈ ရက်၊ ၁၀ ရက်နေ့များတွင် ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ် များကိုအသုံးပြု၍ ညအချိန်များ၌ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် ဒေသခံ သုံး ဦးဒဏ်ရာရရှိကာ နေအိမ် တစ်လုံး လည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
“ဗုံးတွေကြဲပြီးတော့ မေလ၉ ရက်နေ့မှာ ဒေသခံ လူကြီးတွေကို စစ်ကောင်စီရဲ့ (၁၀၆) တပ်ရင်းက ခေါ်ယူခြိမ်းခြောက်တယ်။ PDF တွေကိုလက်ခံလို့ရှိရင် ကိုယ်ဖြစ်ကိုယ်ခံ၊ ငါတို့ကလေကြောင်းကနေပဲ တိုက်မှာဆိုပြီး ဖိအားပေးတာပါ” ဟု YPDF North တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီမှ ခြိမ်းခြောက်ပြီးနောက် ဝယ်ပသဲ၊ချောင်းနှစ်ခွ နှင့် သပထောရွာများမှ ဒေသခံ ပြည်သူများမှာ ရွာမှထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုအခါတွင် မုန်တိုင်းကြောင့် မိုးရွာသွန်းမှုများရှိနေပြီး ဒေသခံစစ်ရှောင်များသည် မိုးခိုရန်အမိုးအကာများ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများလိုအပ်နေကာ အခက်အခဲများကြုံတွေ့နေရကြောင်း YPDF North ထံက သိရသည်။
ထို့အပြင် စစ်ကောင်စီသည် မေလ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ CDF-ဆဲန်ထန် ဌာနချုပ်အား လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူထိခိုက်မှုများမရှိသော်လည်း ဌာနချုပ်တစ်ခုလုံး ပျက်စီး ခဲ့ရကြောင်း အဆိုပါအဖွဲ့ထံက သိရသည်။