အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ဆန်းညွန့်လှိုင် လိုက်ပါလာသည့် ယာဉ်တန်း ကရင်ပြည်နယ် ကမမောင်းမြို့၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
” တပ်မတော်စစ်ဆေးရုံမှာ တက်နေရတာမှန်တယ်။ ကမမောင်းဂွင်မှာ ယာဉ်တန်းမိုင်းဆွဲခံရတာပါ။ အခြားအဆင့်တွေလည်းထိခိုက်တာရှိပါတယ်”ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဗိုလ်မှူးချုပ်ဆန်းညွန့်လှိုင် လိုက်ပါလာသည့်ယာဉ်တန်းသည် ကမမောင်းမြို့ ကိုးနဝင်းဘုန်းကြီးကျောင်းအနီးတွင် မေလ ၃ရက် ညက မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
KNLAဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခြင်းဟု သိရှိထားသော်လည်း အသေးစိတ်မသိရှိရသေးပေ။
စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ကမမောင်း၌ ဗိုလ်မှူးချုပ်ဆန်းညွန့်လှိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိထားကြောင်း ဖော်ပြထားကြသည်။
ဗိုလ်မှူးချုပ်ဆန်းညွန့်လှိုင်သည် ၂၀၂၃ သြဂုတ်က အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူးအဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။ မူလတပ်မမှူးဖြစ်သည့် ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီးအောင်ကျော်လွင်သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်တပ်မမှူးအဖြစ် တာဝန်ပေးအပ်ခံရစဉ် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က၂၀၂၃ နိုဝင်ဘာ ၅ရက်တွင် တိုက်ခိုက်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးဒေသ ပန်လုံဗျူဟာကုန်းတိုက်ပွဲအတွင်း သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၈)သည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေတနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် တည်ရှိသည်။
လက်ရှိတွင် တပ်မမှူးဗိုလ်မှူးချုပ်ဆန်းညွန့်လှိုင် ဒဏ်ရာရထား၍ တပ်မအား ဒုတပ်မမှူးက ကွပ်ကဲနေကြောင်း သတင်းရရှိသည်။