ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းယော်တိုက်နယ်၊ မန်ကန်ကျေးရွာမှာ မနေ့၊ ဇူလိုင် ၂၃ ရက်၊ ည ၁၁ နာရီကျော် ကနေ ဒီမနက် ၄ နာရီအထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး မန်ကန်ဒေသခံ အမျိုးသား တစ်ဦး လက်နက် ထိမှန်ခဲ့တယ်လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
အဆိုပါ တိုက်ပွဲ အတွင်း ကိုးကန့်တပ်က ကျေးရွာနေ ပြည်သူတွေကို လုံခြုံရေးအရ ကျေးရွာအပြင်ထွက်ခွင့် ပိတ်ထားလို့ ပိတ်မိနေတာတွေ ရှိတယ်လို့ သူကဆိုပါတယ်။
“တိုက်ပွဲကြောင့် ရွာသူရွာသားတွေ အကုန်နီးပါး ထွက်ပြေးပြီး။ ထွက်ပြေးတဲ့ သူတွေလည်း ရွာထဲ ပြန်ဝင်လို့ မရဘူး။ အခု လက်နက်ထိတဲ့ တစ်ယောက်က မနေ့ညဆို သွေးအရမ်းထွက်လို့ ဒီမနက် မူးလဲသွားတယ်။ ခြံမှာ ကျန်တဲ့ သူတွေဆို တိုက်ပွဲထဲ ပိတ်မိနေတယ်။ ဘယ်မှ သွားမရဘူး ” လို့ သူကပြောပါတယ်။
တိုက်ပွဲ အတွင်း အမျိုးသား တစ်ဦး ခြေထောက်ထိမှန်ခဲ့ပြီး ကျေးရွာက ကျန်းမာရေး ဝန်ထမ်း ဆရာမတွေလည်း ပြီးခဲ့တဲ့ တိုက်ပွဲမှာ ထွက်ပြေး တိမ်းရှောင်နေလို့ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကလည်း မန်ကန်ကျေးရွာနဲ့ လွိုင်လင်ကျေးရွာကြားမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ ကျေးရွာသူကြီးနဲ့ ဒေသခံ တစ်ချို့ ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူ တချို့နဲ့ ရွာသူကြီးတို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး တချို့ ဒေသခံတွေနဲ့ အဆက်အသွယ် မရတာကြောင့် ဘယ်သူတွေ ဖမ်းဆီးခံထားရတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။