ရှမ်းမြောက်၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်၊ လွိုင်လင်ကျေးရွာနဲ့ မန်ကန်ကျေးရွာကြားမှာ ကိုးကန့် MNDAA ၊ PDF ပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ဒီမနက် ဇူလိုင် ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော် အချိန်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဆိုပါ တိုက်ပွဲမှာ မန်ကန်ကျေးရွာ သူကြီးနဲ့ ဒေသခံ တစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မန်ကန် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
“အရင်လ ကတည်းက လွိုင်လင်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက စောင့်နေတာ။ ဒီနေ့ မန်ကန်ဘက်ကို တက်လာတယ်။ တိုက်ပွဲက တစ်နာရီလောက်တော့ ကြာတယ်။ ဖမ်းဆီးတာက အခု အတိကျရတာက ၂ ယောက်ပဲ ရှိသေးတယ်။ တချို့က ပျောက်နေတာ ဖုန်းလိုင်း မရတော့ အဆက်သွယ်မရကြဘူး ” လို့ပြောပါတယ်။
တိုက်ပွဲကြောင့် တောင်ယာမှာ အလုပ်လုပ်နေတဲ့ ဒေသခံတွေ ပိတ်မိနေပြီး မန်ကန်ကျေးရွာထဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ လွိုင်လင်ကျေးရွာနဲ့ မန်ကန်ကျေးရွာကြား တိုက်ပွဲ ပြင်းထန် နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ လားရှိုးမြို့နယ် မန်ဘန်ကျေးရွာမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး အသက် ၄၀ နှစ်အရွယ် အမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့ပြီး ၎င်းရဲ့ လသားရွယ် တစ်ဦး လက်နက်ထိမှန်ခဲ့ပါတယ်။