ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မြို့အဝင်အထွက်တွေကို ပိတ်ဆို့ထားပြီး လိုင်းကားမောင်းတဲ့သူတွေဟာလည်း လူတင်ခွင့်မရဘူးလို့ မိုင်းရှူးမြို့ခံတွေကပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ရက်နေ့မှာ ဝမ်ဟိုင်းမှာ စတင်ပိတ်ခဲ့ပြီး မိုင်းစံမြို့အထွက်က ရေကျော်ပန်အနားမှာလည် SSPP တပ်ဖွဲ့က ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ည ၆နာရီ ထိုးတာနဲ့ အပြင်ဘယ်သူမှအထွက်ကြတော့ဘူး။ မြို့ထဲလဲ လူဖမ်းမယ် ဘာလုပ်မယ် သတင်းတွေထွက်ထားတော့ ကြောက်ကြတယ်။ အခုဆို မြို့အပြင်တွေလည်ထွက်လို့မရဘူး ဝင်လာလို့တော့ရတယ် မြို့အပြင်မှာ SSPP ဂိတ်တွေရှိတယ်။ ဘယ်သူဖြစ်ဖြစ် ထွက်လို့ရဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
လိုင်းကားမောင်းတဲ့ ကားသမားတွေဟာ မိုင်းရှူးမြို့ထဲကိုဝင်ခွင့်ရပြီး မြို့ပြန်ထွက်လာရင် လူတင်ခွင့်မရဘူးလို့ ကားသမားတစ်ဦးကပြောပါတယ်။
“အဝင်မှာ ခရီးသည်တွေပါရင် အရမ်းစစ်တာ ပြီးတော့ မြို့ထဲကနေ ထွက်လာရင် လူတွေတင်လို့ မရတော့ဘူး။ ပစ္စည်းပဲတင်ရတယ် ” လို့ပြောပါတယ်။
ပန်ခံကျေးရွာနဲ့ ပါနမ့်ကျေးရွာခံ ၈ ဦးကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ SSPP ကဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုထိပြန်မလွတ်သေးဘူးလို့ သိရပါတယ်။
အခုလို မိုင်းရှူးမြို့ကို ပိတ်ဆို့ထားတာနဲ့ ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုကို မဲခေါင်သတင်းဌာနက ဖုန်းဆက်သွယ်ပေးမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ SSPP တပ်ဖွဲ့က လူသစ်စုဆောင်ဖို့ ရှမ်းဘာသာစာနဲ့ လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။