ချင်းပြည်နယ် ကန်ပက်လက်မြို့ဘက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို လိုက်လံ တိုက်ခိုက်ရင်း မနေ့က မိုင်း မတော်တဆ ပေါက်ကွဲမှုဖြစ်ကာ Chin Defence Force -Kanpetlet (ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်) တပ်ဖွဲ့ဝင် ဆလိုင်းအွမ်ဂေ ကျဆုံးခဲ့တယ်လို့ CDF – ကန်ပက်လက် က ထုတ်ပြန်ပါတယ်။
ဩဂုတ်(၃)ရက် မနေ့က ချင်းပြည်နယ်၊ လောင်းရှည်-ကျင်ဒွေးလမ်းမှာ စစ်အုပ်စုကို လိုက်လံတိုက်ခိုက်ရင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုဖြစ်ကာ CDF- ကန်ပက်လက်က ဆလိုင်းအွမ်ဂေ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့သူ ဆလိုင်းအွမ်ဂေ ဟာ CDF- ကန်ပက်လက် တပ်ရင်း(၃)ရဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စး ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
“Chin Defense Force-Kanpetlet တပ်ဖွဲ့ဝင် ဆလိုင်းအွမ်ဂေသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်(၃)ရက်တွင် လောင်းရှည်-ကျင်ဒွေး လမ်းအပိုင်း၌ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် မြင့်မြတ်စွာ ကျဆုံးသွားခဲ့ပါသည်။ အမျိုးသားရေးအတွက် ဆလိုင်းအွမ်ဂေ၏ ပေးဆပ်မှုအပေါ် ကျွန်ုပ်တို့ Chin Defense Force-Kanpetlet မှ လေးစား ဂုဏ်ယူ ပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲ ဝမ်းနည်းရပါကြောင်း ညှိုးငယ်သော စိတ်ထား ဖြင့် မှတ်တမ်းတင် အပ်ပါသည်” လို့ CDF- ကန်ပက်လက်က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ဇူလိုင်လကတည်းက စတင်ပြီး ချင်းပြည်နယ် ကန်ပက်လက်ဒေသကို အင်အား(၃၀၀)လောက်နဲ့ နှစ်ဖွဲ့ခွဲကာ လာရောက် တိုက်ခိုက်နေတာဖြစ်ပါတယ်။