စစ်ကောင်စီတပ်က ကရင်နီပြည်၊ ဖရူဆိုမြို့နယ်မှာ ကျူးလွန်ခဲ့တဲ့ အရပ်သား ၄၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂ နှစ်ပြည့်တဲ့နေ့ (ဒီဇင်ဘာလ ၂၄) မှာ ကျန်ရစ်သူမိသားစု နဲ့ ဆွေမျိုးတွေက ဆုတောင်းတာနဲ့ ဖယောင်တိုင်မီးထွန်းတာတွေကို မနေ့က ဒီဇင်ဘာလ ၂၄ရက်နေ့မှာ အကျဉ်ချုံး ပြုလုပ်ခဲ့ပါတယ်။
ဒီလို မီးထွန်းဆုတောင်းရတဲ့ရည်ရွယ်ချက်က ခရစ္စမတ်အကြိုနေ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု (သို့မဟုတ် ) မိုဆိုဖြစ်စဉ်ကို ပြည်သူတွေ အမှတ်ရနေစေဖို့ ဖြစ်တယ်လို့ မီးထွန်းဆုတောင်း ခဲ့သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့ မိုဆိုဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ ၄၀ ကျော် နဲ့အတူ ဒန်ဘာကားအပါအဝင် ကားကြီးကားငယ် စုစုပေါင်း၈စီး၊ ထော်လဂျီနှစ်စီး၊ ဆိုင်ကယ် ၆စီး မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။ မိုဆိုဒေသခံတွေကတော့ ဒီဇင်ဘာလ ၂၄ရက်နေ့ကို မမေ့ကြဖို့နဲ့ အောက်မေ့သတိရကြပေးဖို့ တောင်းဆိုထားပါတယ်။