KNU ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင်မြောက်ပိုင်း သံလွင်မြစ်ကမ်းဘေးမှာ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖဲထာအနီး ပွိုင့် ၉၃၉ မိုလိုကျိုးတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲမှာ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – KPLA လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့က မနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲကို KPLA က KNLA ၊ KA ၊ KNDF ၊ KPLA၊ Federal Wings နု့ ဘော်လခဲ PDF ဒရုန်းအဖွဲ့တို့နဲ့အတူ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ KPLA က ဆိုပါတယ်။
စစ်ကောင်စီရဲ့ အဲ့ဒီစခန်းကို တော်လှန်ရေးတပ်ပေါင်းစုများက နိုဝင်ဘာ ၂၄ ရက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမယ့် စခန်းသိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် အဲ့ဒီစခန်းကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ရာ တပ်စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ KPLA က ပြောပါတယ်။
သံလွင်မြစ်ကမ်းဘေးမှာ နှစ် ၃၀ ကြာ ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အဲ့ဒီမိုလိုကျိုးတပ်စခန်းကို KNLA နဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက အလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာကို KNU ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီမိုလိုကျိုတပ်စခန်းဟာ ကရင်နီပြည်နယ်နဲ့ ထိစပ်တဲ့ ကရင်ပြည်နယ် မူတြော်ခရိုင်အတွင်းမှာရှိတဲ့ စခန်း တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ပေါင်းစုက စစ်ကောင်စီရဲ့ လက်နက်ခဲ့ယမ်းများစွာကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်။