စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၁ရက်က တအာင်း၊ကိုးကန့်၊ ရက္ခိုင် တပ်များနှင့် စစ်ကောင်စီတို့ ရှမ်းမြောက်ဒေသ၌ အပစ်ရပ်စဲခဲ့သော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု ဆက် လုပ်ဆောင်ခဲ့ရာ ယနေ့ (ဇန်နဝါရီ ၁၄ရက်)တွင်လည်း တိုက်ခိုက်မှုဆက်လုပ်ခဲ့ဟု အသိပေးထားသည်။
TNLA တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ယနေ့ နံနက်တွင် အထက်ညောင်ကုန်းနှင့် ကုန်စံကျေးရွာကြားသို့ လက်နက်ကြီးဖြင့် တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။
TNLA တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ် စစ်ကောင်စီတပ်မှ ယနေ့ နံနက်တွင် တအာင်းတပ်မတော်(TNLA)တည်ရှိရာ နာကွန့်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။
TNLA တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်မှ ထောက်ပို့ယာဥ်ဖြင့် တစ်ကြိမ် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံလာရောက်ဖြည့်တင်းထားခဲ့သည်ဟုလည်း အသိပေးထားသည်။