မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်း၊ အုန်းဒံကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ဝန်းကျင်ခန့်သေဆုံးခဲ့ကြောင်း မိုးကုတ် အခြေပြတပ်ရင်းများမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၂၀ ရက်နေ့ ညနေ ၂ နာရီခွဲခန့်မှ ၆ နာရီအထိ အင်အား ၄၀ ကျော်ဖြင့် တပ်စွဲထားသော မိုးကုတ်မြို့ အနောက်ပိုင်း၊ အုန်းဒံကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ် စခန်းတစ်ခုကို မိုးကုတ် အခြေပြု တပ်ရင်း များ ဖြစ်သည့် ၁၂၂၁ နှင့် ၁၂၂၃ တပ်တို့မှ ဝင်ရောက် တိုက်ခိုက် ခဲ့ရာ တိုက်ပွဲ ၃ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃၀ ထက်မနည်း သေဆုံးကာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“သိမ်းဖို့ရည်ရွယ်ချက်နဲ့ တိုက်ခဲ့ပေမယ့် လေကြောင်းကနေ ဗုံးကျဲတာရယ်၊ စစ်ခွေးတွေ စစ်ကူ အများ အပြားရောက်လာတို့ ပြန်ဆုတ်ခဲ့ရတာပါ၊ ဆုတ်ပြီး မကြာခင်မှာ လေကြောင်းကနေ ဗုံးကျဲတယ်၊ ၃ ကြိမ် ကျဲပါတယ်၊ တိုက်လေယာဉ်နဲ့ပါ၊ မိုးကုတ်မြို့ထဲကနေလည်း စစ်ကား ၅ စီးအပြည့်နဲ့ စစ်ကူတွေ ရောက် လာပါတယ်၊ ပြည်သူတွေ ထိခိုက်မှုမရှိပါဘူး” ဟု မိုးကုတ်အခြေပြ တပ်ရင်းများမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်မှ လက်နက်ကြီးများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ပြီး ည ၇ နာရီ ၁၇ မိနစ်၌ လေယာဉ်ဖြင့် ၅ ကြိမ်ပျံဝဲပြီး ၃ ကြိမ်တိုင်တိုင် ပေါင် ၂၀၀ ဗုံးအသုံးပြုကျကာ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။