မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊အ နောက်ပိုင်းရဲစခန်းကို TNLA ဦးဆောင်သော တော်လှန် ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်နေပြီး ရဲစခန်းအနီးသို့ တော်လှန် ရေးတပ် သားများ ဝင်ရောက်လာသည်ကို မြင်တွေ့ရကြောင်း မိုးကုတ်မြို့မှ ပြည်သူများက ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှစတင်ပြီး မိုးကုတ်မြို့ အနောက် ပိုင်း၊ ဒေါ်နန်းကြည်တောင်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် မိုးကုတ် အနောက်ပိုင်းရဲစခန်း ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ ယင်းနောက် မိုးကုတ်အနောက်ပိုင်းရဲစခန်းဧရိယာအနီးဝန်းကျင်သို့ TNLA ရဲဘော်တချို့ ဝင်ရောက်လာသည်ကို မြင်ရကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“မိုးကုတ်အနောက်ရဲစခန်းဘက်မှာ ပစ်ခတ်သံတွေနဲ့ ဆူညံနေတယ်။ အခု မွန်းလွဲ ၁ နာရီကျော်လောက်မှာ လေယာဉ်တွေလည်းဝဲနေတယ်။ အခြေအနေကတော့ ဆိုးလာပြီ။ အခုထိလည်း တိုက်ပွဲဖြစ်နေတုန်းပဲ။ မိုးကုတ်မြို့ထဲအထိကို တိုက်ပွဲတွေက ရောက်လာပြီ။ ပြည်သူတွေကတော့ ပိတ်မိနေပါတယ်။ ဘယ်ပြေးလို့ ပြေးရမှန်းမသိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မိုးကုတ်မြို့နယ်၊ အနောက်ပိုင်း ကျပ်ပြင်စျေးနားတဝိုက်၊ ဆေးရုံကုန်း ရွှေမြင်ဝင်ဘုန်းကြီးကျောင်းမြို့ဦးလွင်အနီးတို့တွင်လည်း ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ၊ ကျောက်ဖားအောင်စင်္ကြာဆီဆိုင်အနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရှိရသည်။
မိုးကုတ်ဒေသပြည်သူတချို့ကမူ မိုးကုတ်အနောက်ပိုင်း ဒေါ်နန်းကြည်တောင်ရှိ စစ်ကောင်စီတပ်စခန်းကို TNLA တပ်များက သိမ်းပိုက်ရရှိသွားပြီဟု ကြားသိထားကြောင်း ပြောဆိုကြသည်။