မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အရှေ့ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ပြည်သူများ၏ နေအိမ်များ ထိခိုက်မှုများရှိနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA က ထိန်းချုပ်ပြီးနောက် မိုးကုတ်မြို့ အရှေ့ပိုင်းကို ရရှိရေးအတွက် ထိုးစစ်ဆင်နေရာမှ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မိုးကုတ်အရှေ့ပိုင်းဘက်မှာ ပစ်ခတ်မှုတွေက မနက်ကတည်းက ဖြစ်နေတာ။ စစ်တပ်ရဲ့ ဗျူဟာကုန်းကနေ လက်နက်ကြီးတွေလည်း တောက်လျှောက်ပစ်တယ်။ ဘုရား ၅ ဆူ ရှမ်းကျောင်းဘက်ကိုလည်း ဒရုန်းတွေနဲ့စစ်တပ်က ဗုံးကျဲတယ်။ မိုးကုတ်အရှေ့ပိုင်းဘက်မှာလည်း တောက်လျှောက်ကို ပစ်နေတာ။ ပြည်သူတွေက ပြေးလို့ရတဲ့လူလည်း ပြေးပေါ့။ မပြေးနိုင်တဲ့လူလည်း ပိတ်မိပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ လားရှိုးမြို့နယ်တွင်လည်း အထက်မန်အိုင်နှင့် ခလရ ၆၈ ၊ ဆင်တောင်တို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး လားရှိုးမြို့အတွင်းသို့ လက်နက်ကြီးများ တောက်လျှောက်ဆိုသလို ကျရောက်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“ဒီနေ့ တိုက်ပွဲတွေက မနက် ၆ နာရီကတည်းက စနေကြတာ။ အထက်မန်အိုင်၊ ခလရ ၆၈ ဘက်မှာ တိုက်ပွဲ ပြင်း ထန်နေတယ်။ လက်နက်ကြီးတွေက လားရှိုး ၇ ရပ်ကွက်နဲ့ ၅ ရပ်ကွက်၊ ၉ ရပ်ကွက်ထဲကျနေတယ်။ ပြည်သူတွေကတော့ ထောင်ချီ ပြေးနေကြတယ်။ လတ်တလောတော့ ဒီနေ့ လက်နက်ကြီးကျည်ထိပြီး သေတာ ၂ ဦးရှိတယ်။ တိုက်ပွဲဖြစ်တာပဲသိတာ။ ဘယ်လိုတွေဖြစ်နေကြလဲတော့ ခန့်မှန်းမရတော့ဘူး။ MNDAA တပ်တွေကတော့ လားရှိုးမြို့နဲ့ အတော်ကို နီးနီးကပ်ကပ်အထိကို ဝင်လာနေပြီ” ဟုလားရှိုးမြို့မှ ကယ်ဆယ်ရေးပရိဟတ သမားတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လားရှိုးနှင့် မိုးကုတ်မြို့တို့ လေကြောင်း၊ လက် နက်ကြီးနှင့် စစ်ကူ အင်အားများကို အလုံးအရင်းဖြင့် စစ်ကူပေးပြီး ခုခံနေကြောင်း သိရှိရသည်။