ကချင်ပြည်နယ်၊ မိုးကောင်းမြို့ပေါ်မှာ မနေ့ညနေပိုင်းနဲ့ ညပိုင်းက လက်နက်ကြီး၊ ငယ် ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီး ပြည်သူ့စစ်နဲ့ စစ်ကောင်စီစစ်သားတွေကမြို့အနှံ့ ကင်းပတ်ခဲ့တယ်လို့ ဒေသခံထံမှ သိရပါတယ်။
မနေ့ညနေပိုင်း ၄ နာရီဝန်းကျင်က မိုးကောင်းမြို့ပေါ်ရပ်ကွက်မှာ သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် ညဦးပိုင်းမှာ စစ်ကောင်စီနဲ့ပျူစောထီးအင်အား ၁၀၀ ဝန်းကျင်လောက်က မြို့အနှံ့ လှည့်ပတ်စစ်ဆေးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ညနေ ၄ နာရီကျော်ကတော့ လက်နက်သေးအသံတွေကြားပြီး မိုးချုပ်တော့တစ်မြို့လုံး စိမ်းသွားတယ်။ အပစ်ခံ ရတာလို့လည်း ကြားတယ်။”
အဲ့ဒီနောက် ညပိုင်း ၁၀ နာရီမတိုင်ခင်မှာ လက်နက်ကြီးအပြန်အလှန် ပစ်ခတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။
မိုးကောင်းမြို့၊ ဝေပုလတောင်ပေါ် ဘုရားကုန်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကနေ လက်နက်ကြီးပစ်ခတ်သံ ထွက်ပေါ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြို့အတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာနဲ့ပက်သက်ပြီး အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ကလည်း မိုးကောင်းမြို့တွင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ဖူးပါတယ်။ ကျောင်းကြိုစစ်ကားမောင်းသူ စစ်သားနှစ်ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် မိုးကောင်းမြို့မှာ စစ်ကောင်စီက ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။