ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် စစ်ကားပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက အရပ်သားနေအိမ် ၃ အိမ်ကို ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။
ချိပ်ပိတ်ခံရသည့် နေအိမ်များမှာ ဇင်ယောဆီဆိုင်ပိုင်ရှင်၏ နေအိမ်၊ အိုးတန်းရပ်ကွက်နှင့် ဈေးကုန်းရပ်ကွက်မှ ပြည်သူနှစ်ဦး၏ အိမ်များဖြစ်ကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ၎င်းနေအိမ်များသည် PDF နှင့် ပက်သက်ဆက်နွယ်သည်ဟု စွပ်စွဲဖမ်းဆီးခံရသူများ၏ နေအိမ်များဖြစ်ကြောင်း သိရသည်။
“ခုလောလောဆယ်တော့ ဈေးကုန်းရပ်ကွက်နဲ့ အိုးတန်းရပ်ကွက်ထဲက အိမ်တွေကို ချိပ်ပိတ်တယ်။ စစ်ဆေးမှုတွေရှိတယ်လို့ ကြားတယ်။ ဇင်ယော်ဆီဆိုင်က ဟိုးအရင်ရက်ထဲက ချိပ်ပိတ်တာ။ ဆီဆိုင်တွေကို ကြိုးနဲ့တားပြီး အရောင်းအဝယ် မလုပ်ရဘူးလို့ ပြောတယ်။”ဟု ပြောသည်။
ဩဂုတ်လ ၁၉ ရက်နေ့က မိုးကောင်းမြို့တွင် စစ်ကားပစ်ခတ်ခံရပြီးနောက် စက်တင်ဘာလအထိ စစ်ကောင်စီက ၎င်းတို့မသင်္ကာသည့် အရပ်သားပြည်သူများကို လိုက်လံဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ပြီး အချို့ကိုပြန်လွတ်ပေးခဲ့သည်။
နောက်ဆုံး ဆန်ကာတင်အဖြစ် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ခန့်မှန်းခြေ ၆၀ ဦးရှိသည့်အနက် အချို့မှာ တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း အဆိုပါဒေသခံက ပြောသည်။
“ရဲစခန်း၊ အချုပ်ကိုရောက်ပြီး တရားရုံးမှာ အမှုရင်ဆိုင်နေရသူအချို့ ရှိပါတယ်။ အမိန့်ချတာ မရှိသေးပါဘူး။” ဟုပြောသည်။
အမှုရင်ဆိုင်နေရသူများမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) များဖြင့် တရားစွဲဆိုခြင်းခံရကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများထဲမှ ဦးဂျိုးဇက်ဝဘော်တန်ဂွန်းနှင့် ဇင်ယော်ဓာတ်ဆီဆိုင်ပိုင်ရှင် အမျိုးသမီး ဒေါ်ခင်မာရွှေတို့မှာ စစ်ကြောရေးတွင် နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။