ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တောင်နီ ကျေးရွာတွင်ရှိသည့် ပြည်သူ့စစ်စခန်းမှာ ယနေ့မွန်းလွဲ ၁နာရီ ၄၀ မိနစ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရသည့်အတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တောင်နီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရသည့်အတွက် ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“(အရင်က) အုပ်ချုပ်ရေးမှူးရုံး၊ အခုပြည်သူ့စစ်ရုံး၊ သံလမ်းကျော်လေးမှာ။ ပြည်သူ့စစ်တစ်ယောက်ဆုံးသွားတယ်လေ။ တစ်ယောက်က လက်မှာရှပ်ထိသွားတယ်”
ဖြစ်စဉ်ပြီးနောက်ပိုင်း တောင်နီကျေးရွာအနီး ဆားမှော်ကျေးရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၁၀၅) တပ်မှ ယနေ့ညပိုင်းတွင် လက်နက်ငယ်ရမ်းသမ်းပစ်ခတ်နေကြောင်း မိုးကောင်းဒေသခံတစ်ဦးက ဆိုသည်။
“အဲ့တာဖြစ်ပြီး အခုည ၈ နာရီထိုးကျော်တာနဲ့ ဆားမှော် ၁၀၅ တပ်က သေနတ်တွေဆက်တိုက် ဆက်တိုက်ပစ်နေတယ်။ တောင်နီအုပ်ချုပ်ရေးမှူးရူံး ဗုံးချခံရလို့ ပြည်သူ့စစ်တစ်ယောက်သေတယ် ဆိုတော့ သူတို့လည်း သူတိူ့တပ်ထဲမှာ တပ်လှန့်တဲ့သဘော ပစ်နေတာပေါ့နော်”
ယင်းစစ်ဆင်ရေးကို Kachin Region People Defense Force- KPDF Mogaung မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၅ (သင်္ကြန်အကြတ်နေ့)ကလည်း မိုးကောင်းတံတားထိပ်ရှိ စစ်ကောင်စီရဲနှင့် ပြည်သူ့စစ်ဂိတ်ကို မိုးကောင်း KPDF အဖွဲ့က ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။