ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲထားသည်ကို လာဖြုတ်သည့် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မိုးညိုမြို့နယ်၌ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲထားသည်ကို လာဖြုတ်သည့် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကားနှင့် ဆိုင်ကယ် ယာဉ်တန်းကို ညောင်လေးပင်နှင့် မြစ်သာရွာ အကြားတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၃ ဆင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေး ၂ ကောင်သေတယ်လို့ ဒေသ ပြည်သူတွေပြောပါတယ်။ နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်ခဲ့တာပါ” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနှင့် ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ တွန်းလှန်ချေမှုန်းသွားမည်ဖြစ်ပြီး တစ်လအတွင်းစစ်ကောင်စီအုပ်ချူပ်ရေးဒေါက်တိုင်အုပ်ကြီးများနှုတ်ထွက်ရန် ၊ အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ရဲများ အကြမ်းဖက်စစ်တပ်အား အမြန်ဆုံးစွန့်ခွာရန်၊ ဟိုဘက်ယောင်ယောင် ဒီဘက်ယောင်ယောင်နှင့် စစ်ကောင်စီနှင့် ပလူးနေသောအကျိုးစီးပွားသမားများပြည်သူလူထုနှင့်အတူရပ်တည်ရန်လည်း သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။