ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် KPDF တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် နန်းမားအခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၆၇ အမြောက်တပ်ရင်းက ညောင်ပင်သာရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာထိပ်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်စီးလာသည့် ကျေးရွာနေ ပြည်သူ အသက် ၅၉ နှစ်အရွယ် နန့်စော်လော်ရွာသား ဦးထွန်းရွှေ ဆိုသူသေဆုံးခဲ့ပြီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း မိုးညှင်းမြို့နယ်၊ ညောင်လေးပင်ရွာကို နန်းမားအခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၆၇ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီက ပြည်သူများ နေထိုင်သည့် နေရာများကို လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသည့်အတွက် အပြစ်မဲ့ ပြည်သူများ အကြောင်းမဲ့ ထိခိုက်သေဆုံးနေရနေပြီး ပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်များ အချိန်မရွေးကြုံတွေ့နိုင်တဲ့အတွက် မိမိတို့ရဲ့ အသက်ဘေးလုံခြုံမှုအတွက် အထူးဂရုစိုက်ကြရန် မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။