ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မေလ ၂၈ ရက် မနက် ၄ နာရီခွဲမှာ စစ်ကောင်စီတပ်က စစ်ရှောင်စခန်းကို ဗုံးကြဲခဲ့တာကြောင့် ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ရှောင်နေအိမ် (၃) လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ၂၇ ရက်နေ့မှာလည်း စစ်တပ်က ပြည်သူတွေနေထိုင်တဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မိုးဗြဲမြို၊ စည်ကား (၃) ရပ်ကွက်နေအိမ်က အသက် သုံးနှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦးကို လက်နက်စထိမှန်ပြီး ရင်ဘတ်ပွင့်ဒဏ်ရာပြင်းထန်ခဲ့တာကြောင့် အချိန်မီသွားရောက်ကယ်ဆယ်ခဲ့ပေမယ့် အသက်ဆုံးရှုံးသွားတယ်လို့ Moebye Rescue Team က ပြောထားပါတယ်။
မနေ့က တစ်ရက်တည်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး တာဝေးပစ်လက်နက်ကြီးနဲ့လည်း အဆမတန်အသုံးပြုခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
မိုးဗြဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြား စစ်ရေးအခြေအနေတင်းမာမှုတွေကြောင့် မိုးဗြဲကိုဖြတ်သန်းသွားလာတဲ့ ခရီးသွားမိဘပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုပြုကြဖို့ MBPDF အဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။
၂၀၂၃ ခုနှစ် ပထမလေးလပတ်တာ ကာလအတွင်း စစ်ကောင်စီတပ်က မြို့နယ် ၅၆ မြို့နယ်ထက်မနည်းကို လေကြောင်းတိုက်ခိုက်မှု ၄၄၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး တိုက်ပွဲနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သား ၆၉၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။