ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ကို မနေ့၊ ဇွန်လ ၂၈ ရက်၊ ညပိုင်းက စပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
မနေ့ ည ၁၀ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ် စစ်ကြောင်းထိုးလာတာလို့ သူကဆိုပါတယ်။
“ညက ၁၀ နာရီခွဲလောက်တော့ရှိမယ်။ အသံတွေ ကြားနေရတာ။ လက်နက်ကြီးကတော့ ဆက်တိုက်ပဲ ထုနေတာ။ ပစ်အားယူပြီး စစ်ကြောင်းထိုးလာတာ။ ကျွန်တော်လည်း ညဘက် ဖြစ်နေတာရယ်၊ တိုက်ပွဲတွေ ဖြစ်နေမှာ စိုးတာရယ်ကြောင့် ရှေ့တန်းက ရဲဘော်အသိကို မမေးတော့တာ။ ဖုန်းလိုင်းတွေကလည်း ရတစ်ချက်၊ မရတစ်ချက် ဖြစ်နေတာလည်း ပါတာပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် တိုက်ပွဲတွေ ပြင်းထန်ချိန် မိုးဗြဲမြို့လုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း တိုက်ပွဲတွေ ခဏပြန်ငြိမ်ချိန် ပြည်သူ တစ်ချို့ နေအိမ်တွေ ပြန်ကြည့်ကြလို့ လက်ရှိ စစ်ရေး ပြန်တင်းမာလာချိန် တိုက်ပွဲတွေကြား ပိတ်မိသွားမှာလည်း စိုးရိမ်ရတယ်လို့ သူကဆက်ပြောပါတယ်။
“စစချင်းတုန်းကတော့ တစ်မြို့လုံးနီးပါး ရှောင်ကြတာပဲ။ နီးပါးလို့ ပြောရတာက ကျန်ခဲ့တဲ့သူ ရှိတယ်ဗျ။ အိမ်ကို ဖက်တွယ်တာပေါ့ဗျာ။ အဲ့ကြောင့်မို့လည်း စစ်တပ်နဲ့တွေ့ပြီး အသတ်ခံရတာလေ။ ပြီးခဲ့တဲ့ ရက်ပိုင်းလေး တိုက်ပွဲ ခဏငြိမ်တော့ ပြန်ကြတဲ့ သူတွေလည်း ရှိတယ်ကြားတယ်။ အခု ပြန်ဖြစ်လာတော့ ပိတ်မိနေမှာတော့ စိုးတယ်ဗျာ။ သွေးနဲ့ ချွေးနဲ့ ဆောက်ခဲ့ရတဲ့ အိမ်လေး ပျက်သွားမှာ ပြည်သူတွေကလည်း စိုးရိမ်တယ်လေ။ အပြစ်ပဲ ဆိုရမလား၊ သနားရမလားတောင် မသိတော့ဘူး” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
လူဦးရေ ၁,၀၀၀၀ နီးပါး နေထိုင်တဲ့ မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေ စတင်ခဲ့ရာ ဇွန်လလယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာတာကြောင့် မြို့လုံးကျွတ်နီးပါး အရေးပေါ် တိမ်းရှောင် ခဲ့ရပါတယ်။
အဲဒီလို ရုတ်တရက် တိမ်းရှောင်ရတာကြောင့် ပြည်သူတွေမှာ တစ်ကိုယ်စာ စားနပ်ရိက္ခာသာ ပါလာပြီး လက်ရှိ ရိက္ခာပြတ်နေပြီလို့ စစ်ရှောင် ကူညီနေသူ တစ်ဦးက ပြောပါတယ်။
မိုးဗြဲမြို့ခံ စစ်ရှောင် ၄,၀၀၀ ကျော်ခန့်က နီးစပ်ရာ မြို့နယ်က အသိမိတ်ဆွေတွေနဲ့ ထိုင်းနယ်စပ်မှာ ခိုလှုံနေရပြီး ကျန်စစ်ရှောင် ပြည်သူတွေ အနေနဲ့ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတာကြောင့် စားနပ်ရိက္ခာ မလုံလောက်မှု ကြုံ့တွေ့နေရပြီး စစ်ရှောင်စခန်းတွေမှာ အခက်အခဲတွေ ပိုကြုံလာရတယ်လို့ သူကပြောပါတယ်။
“ကျွန်တော်တို့ ဆီက စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်နေတာ ကြာပါပြီ။ ဒါပေမဲ့ အခုလို စစ်ရှောင်လာရပြီး နေစရာ၊ စားစရာ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေကိုလည်း မျက်နှာမလွှဲနိုင်ဘူး။ ဒီလိုပဲ အတူတကွ ကျော်ဖြတ်မယ် ဆိုပြီး တောင့်ခံရမှာပေါ့။ ပြည်သူတွေကို ပြောချင်တာကတော့ ပြည်သူအချင်းချင်း ကူညီပေးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်” လို့ စစ်ရှောင် ကူညီစောင့်ရှောက်နေသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ မိုးဗြဲဒေသနဲ့ ဆက်စပ်နေတဲ့ ကရင်နီပြည်နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မယ်စဲ့မြို့နယ်၊ ပန်တိန်းဒေသက နယ်ခြားစောင့် (BGF) ၁၀၀၄ တပ်စခန်းနဲ့ ရွာသစ်၊ စွတ်ပိုင်ဒေသက ၁၀၀၅ တပ်စခန်းကို စစ်တပ်က ပြန်သိမ်းခဲ့ပြီး တပ်ရင်းတွေမှာ ပြန်နေထိုင်နေတယ်လို့ စစ်ကောင်စီဘက်က ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။