မိုးဗြဲမြို့အတွင်း စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူအချို့ရှိနေ၍ ဒေသခံများအနေဖြင့် နေအိမ်မပြန်ကြသေးရန် ကရင်နီတပ်ပေါင်းစု တာဝန်ရှိသူက ပြောသည်။
မိုးဗြဲမြို့အတွင်း တစ်နှစ်ကျော်ကြာတပ်စွဲခဲ့သည့် စစ်ကောင်စီသည် လူနေရပ်ကွက်များအတွင်း နင်းမိုင်း ရာနှင့်ချီအသုံးပြုထားသည်ဟု ဆိုသည်။
“တနေ့က(နိုဝင်ဘာ ၁၈ ရက်)ဆိုရင် ဒုန်းဒူထန့် ရပ်ကွက်က ပြည်သူတစ်ယောက် နေအိမ်ကို စပါးပြန်သယ်တဲ့အချိန် နင်းမိုင်းထိသွားပြီး ခြေထောက်တစ်ဖက် ပြတ်သွားရတယ်။ဒါကြောင့် အဆောတလျင်မပြန်ကြပါနဲ့ဦးလို့ မေတ္တာရပ်ခံလိုပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
မိုးဗြဲမြို့အပါအဝင် နီးစပ်သည့်နေရာများ၌ စစ် ကောင်စီတပ်စွဲထားသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း (၃)၊ ပွဲကုန်း (၁)၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား(၂) ကျေးရွာဒေသများရှိ စခန်း (၈)ခုကို ကရင်နီပူးပေါင်းတပ်များက ‘၁၁၁၁ စစ်ဆင်ရေး’အတွင်း ကနဦး သိမ်းပိုက်ထားနိုင်သည်။
ထို့အတူ မိုးဗြဲမြို့၏ စစ်ရေးအရ အရေးပါသော စက်တော်ရာတောင် စစ်ကောင်စီစခန်းကုန်းကိုလည်း နိုဝင်ဘာ ၁၅ ရက်က သိမ်းပိုက်ခဲ့သည်။
သို့သော် မိုးဗြဲမြို့တွင် စစ်ကောင်စီအခြေစိုက် တပ်များကို သိမ်းပိုက်နိုင်ရန် ကရင်နီပူးပေါင်းတပ်က ကြိုးပမ်းနေဆဲဖြစ်သည်။