ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲရေကာတာ အနီးမှာရှိတဲ့ (၄၂၂) အမြောက်တပ်က မနေ့ည ၇ နာရီခန့်မှာ လက်နက်ကြီးတွေကို ပစ်ခတ်ရာ လက်နက်ကြီး ကျည်တစ်လုံး မိုးဗြဲမြို့ လူစည်ကားတဲ့ (၃) ရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်အရှေ့မှာရှိနေတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။
“အသံကြားရတဲ့ အနေအထားဆို လက်နက်ကြီး ကျတာတော့ တစ်လုံးမကဘူး။ မြို့ထဲမှာကို ကျတာလေ။ ထိခိုက်တဲ့ ကလေးမဆို အိမ်မှာရှိနေတဲ့အချိန် လက်နက်ကြီးက အိမ်နားမှာကျလို့ ထိသွားတာ။ ခြေထောက်တွေ ထိသွားတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်နက်ကြီးကြောင့် ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို ဒီကနေ့ မနက်မှာ ရွှေလွိုင်ကော် ပရဟိတအသင်းက သွားရောက် သယ်ဆောင်ပြီး ဆေးရုံ ပို့ပေးခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိတဲ့ အမျိုးသမီးရဲ့ အိမ်လည်း ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၈ ရက်မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကုန်းသာရွာခံ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် တိုက်ပွဲတွေ အတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု ၁၂ ဦးအထိ ရှိတယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝှမ်း ပြည်သူ ၂ သန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အများစုဟာ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ ISP MYANMAR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။