ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ထဲမှာ စစ်ကောင်စီတပ်က သြဂုတ်လထဲ အင်အား ထပ်ဖြည့်ကာ နေအိမ်တစ်ချို့ကို ဖြိုချ ဖျက်ဆီးပြီး ကတုတ်ကျင်း အခိုင်အမာ တည်ဆောက်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲ အင်အား ၃၀၀ နီးပါးနဲ့ နေအိမ်တွေမှာ တပ်စွဲနေထိုင်ပြီး ကင်းလှည့် နေတယ်လို့ သိရပါတယ်။
“အိမ် လေးငါးခြောက် အိမ်ကို ဘူဒိုဇာနဲ့ ထိုးပြီး ဘိလပ်မြေရောင်းတဲ့ အိမ်က ဘိလပ်မြေတွေ အကုန်ယူ ယူပြီး ကတုတ်ကျင်း အခိုင်အမာ ဆောက်ထားတယ်တဲ့။ အဲ့ကနေ ခံစစ်လုပ်မလို့ ဖြစ်မှာပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ မိုးဗြဲမြို့ထဲကို စစ်ဘေးရှောင်နေတဲ့ ပြည်သူတစ်ချို့ ပြန်လည်လာရောက် နေထိုင်တာတွေ ရှိလာပြီး စစ်ကောင်စီတပ်က ကောင်းကောင်းမွန်မွန် ဆက်ဆံကာ စည်ရုံးနေတယ်လို့လည်း သိရပါတယ်။
မိုးဗြဲမြို့ အတွင်း ပြည်သူတစ်ချို့ ပြန်လည် နေထိုင်ပေမယ့် လက်နက်ကြီးထိလို့ နေအိမ် ပြိုကျပျက်စီးတာတွေ၊ ကတုတ်ကျင်းဆောက်လို့ ဖြိုချတာတွေအပြင် စစ်ကောင်စီတပ်က နေထိုင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။