ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ မိုးဗြဲ PDF ရဲဘော် တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၅ ရက်မှာ အသိပေး ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီက မိုးဗြဲဒေသမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ တိုက်ပွဲ သတင်းတွေ အချိန်နဲ့ တစ်ပြေးညီ အသိမပေးနိုင်တာဖြစ်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“စဖြစ်ကတည်းက အခုထိ မငြိမ်သေးပါဘူး။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲပါပဲ။ အရင်လို အချိန်နဲ့ တစ်ပြေးညီတော့ မသိရတော့ဘူး။ တိုက်ပွဲက ကြာလာတော့ နောက်တန်းက ရဲဘော်တွေနဲ့ ရှေ့တန်းက ရဲဘော်တွေ ခဏပြန်လဲတဲ့ အချိန်မှာ ပြန်ကြားရတာပေါ့။ ဒါတောင် အရင်လို မသိတော့ဘူး။ သူနေခဲ့တဲ့ နေရာဝန်းကျင်ကဟာပဲ သိနိုင်တော့တယ်လေ။ အိုင်ကွန်တွေရှိတော့ တိုက်ပွဲအတွင်း ရဲဘော်တွေကတော့ အဆက်အသွယ် ထိခိုက်တာမျိုးတော့ မရှိပါဘူး” လို့ သူကပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် လူနေအိမ်တွေမှာ တပ်ဖြန့်တပ်စွဲထားပြီး ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူနေသလို မသယ်နိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ မိုးဗြဲ PDF ရဲဘော် တစ်ဦးက ပြောပါတယ်။
“သူတို့ အိမ်တွေထဲ တပ်စွဲတယ်။ ပြီးရင် ပြည်သူတွေ ပစ္စည်းတွေကို ရသလောက်ယူတယ်။ မသယ်နိုင်တဲ့ ဟာတွေဆိုရင် အကုန်ဖျက်ဆီး ပစ်ခဲ့တာ။ အိမ်ပေါ်မှာလည်း ရှုပ်ပွ ပျက်စီးနေတာပဲ” လို့ သူကဆိုပါတယ်။
တိုက်ပွဲတွေ အတွင်း စစ်ကောင်စီ တပ်သား ထိခိုက် သေဆုံးတာတွေ မျက်မြင်တွေ့ရပေမဲ့ အနီးကပ် ကြည့်တာ၊ လက်နက် ကောက်တာတွေကိုတော့ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲတွေ အတွင်း မိုးဗြဲ (၄၂၂) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိခိုက်မှု မရှိပေမဲ့ နေအိမ်တစ်ချို့ ပျက်စီးသွားတယ်လို့ PDF တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက နေအိမ် အခြေအနေ ပြန်လာကြည့်တဲ့ ပြည်သူတွေ၊ ရိက္ခာလာယူတဲ့ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်ရာမှာ ဇွန်လ တစ်လ အတွင်း ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် စစ်ရေးသတင်း မထုတ်ပြန်တာကို တိုက်ပွဲတွေ ငြိမ်နေတယ်ဆိုပြီး နေအိမ်ပြန်လာတာ၊ ရိက္ခာပြန်ယူတာတွေ လုံး၀ မပြုလုပ်ဖို့ မိုးဗြဲ PDF က မေတ္တာရပ်ခံ ထားပါတယ်။