ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒီကနေ့ သြဂုတ်လ ၁၉ ရက် မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ပြည်သူတွေ ထိတ်လန့်နေတယ်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ မိုးဗြဲ ညောင်ဝိုင်းရပ်ကွက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေရာ ဒေသခံတွေနဲ့ အိမ်တွေ ထိခိုက်ပျက်စီးမှု ရှိမရှိ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
“စကစ က လက်နက်ကြီးတွေနဲ့ လျှောက်ပစ်နေတယ် ခုနက။ လယ်သွားကြတဲ့ သူတွေကိုလည်း ပေးမသွားဘူး။ ဘာတွေ လျှောက်ပစ်နေမှန်း မသိဘူး” လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးဗြဲ ရပ်ကွက် တချို့မှာ ဧည့်စာရင်း စစ်ပြီး ပြည်သူတွေ ပြန်လာနေထိုင်ကြဖို့ စည်းရုံးတာတွေရှိပြီး ဒီနေ့မှာတော့ ပြည်သူတွေကို လယ်ထဲ ပေးမသွားဘူးလို့ ဆိုပါတယ်။
“ပြည်သူတွေ ပြန်လာဖို့ ပြောတော့လည်း သူတို့ပဲ။ အခုလို ခြောက်လှန့် နေတာလည်း သူတို့ပဲ။ ကြားထဲက ပြည်သူတွေက ဘာလုပ်ရမှန်းကို မသိတော့ဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့မှာ စစ်ကောင်စိတပ် အင်အား ၁၀၀ ကျော် မိုးဗြဲ အခြေစိုက် ခမရ (၄၂၂) တပ်ထဲ ဝင်သွားတာ တွေ့ရပြီး အင်အား ဖြည့်တင်းတာ ဖြစ်နိုင်သလို စစ်ကြောင်း အပြောင်းအလဲ ပြုလုပ်တာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။