ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနီးမှာ စစ်ဘေးရှောင်တွေ စိုက်ပျိုးထားပြီး ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ နေရာက စပါးတွေကို မိုးဗြဲ PDF တပ်ဖွဲ့ဝင်တွေ ဒီကနေ့ စတင် ကူညီ ရိတ်သိမ်းပေးခဲ့တယ်လို့ မိုးဗြဲ PDF ပြန်ကြားရေး တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။
မိုးဗြဲမြို့၊ ဘီလူးချောင်း အနီးမှာ စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ စပါးခင်းထဲက တစ်ချို့ဟာ စစ်ကောင်စီတပ်စွဲ ထားတဲ့ နေရာနဲ့ နီးကပ်တာနဲ့ ရေကြီးရေလျှံလို့ အရေးပေါ် နေရာ ရွှေ့ပြောင်းရတာတွေကြောင့် မရိတ်သိမ်းနိုင်ဘဲ ကျန်ရှိနေရာ PDF က ကူညီ ရိတ်သိမ်းပေးခဲ့တာလို့ ဆိုပါတယ်။
“စကစနဲ့ သိပ်မဝေးတဲ့ နေရာပါဗျ။ မရိတ်ရဲတာလည်းပါတယ်။ ရေကြီးတော့ နေရာရွှေ့ရတာနဲ့ မအားတာလည်း ပါတယ်ဗျ” လို့ သူကရှင်းပြပါတယ်။
ဒီကနေ့ ရိတ်သိမ်းပေးခဲ့တာ စပါး ၄ ဧကခန့်ရှိပြီး ရရှိတဲ့ စပါးတွေကို ပိုင်ရှင် စစ်ရှောင်ပြည်သူ တစ်ဦးထံ သွားရောက် ပို့ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းခဲ့ပြီး အင်းလေးကန်နဲ့ ဆက်စပ်နေတဲ့ မိုးဗြဲဆည်ရေလွှတ်မှုကြောင့် ဘီးလူးချောင်း တစ်လျှောက်မှာ စစ်ဘေး တိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူ ၁,၅၀၀ ကျော်ခန့်ဟာ အရေးပေါ်နေရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
ဒီလို ရေကြီး ရေလျှံမှုကြောင့် ဘီလူးချောင်း တစ်လျှောက်မှာ စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ ပြောင်းခင်၊ စပါးခင်း ဧက ရာနဲ့ချီ ရေမြုပ် ပျက်စီးခဲ့သလို အရေးပေါ် ရွှေ့ပြောင်းခဲ့ရတာကြောင့် စပါးခင်း၊ ပြောင်းခင်း တစ်ချို့ မရိတ်သိမ်းနိုင် ဖြစ်နေတယ်လို့ မိုးဗြဲ စစ်ရှောင် ပြည်သူ တစ်ဦးက ပြောပါတယ်။