မိုးဗြဲ – လွိုင်ကော်လမ်းမတစ်လျှောက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
မိုးဗြဲ – လွိုင်ကော်လမ်းမကြီးတစ်လျှောက် စစ်ကြောင်း ထိုးခြင်းအပါအဝင် ရှမ်းပြည်အခြေစိုက်တပ်များကို လွိုင်ကော်မြို့သို့ အင်အားဖြည့်နင်းနေသည့် စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်းတပ်များကြား ဇူလိုင် ၂၁ ရက်ကစ၍ တိုက်ပွဲများစတင်ခဲ့သည်ဟု ဆိုသည်။
“မနေ့ကဆို မိုးဗြဲအရှေ့ဘက် ဆောင်ကန်းနဲ့ ကန်းကျိုင်းမှာ တိုက်ပွဲဆက်ဖြစ်တယ်။အဓိကတော့ မိုးဗြဲကို စစ်ကူပို့ဖို့ရယ်။နောက်ပြီး လမ်းမကြီးကို စကစဘက်က ထိန်းချုပ်ဖို့ ကြိုးစားနေတာ”ဟု ကရင်နီစစ်ဘက်ရေးရာ သတင်းရင်းမြစ်က ရှင်းပြသည်။
ယမန်နေ့က တိုက်ပွဲမှာ ၆နာရီအထိကြာမြင်ခဲ့ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုရှိကာ ကရင်နီပူးပေါင်းတပ်မှ ထိခိုက်ဒဏ်ရာရရှိသူရှိကြောင်းလည်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။
“အင်အား ၂၀၀ လောက်နဲ့ ဝင်ထိုးလာတာ။လွိုင်ကော်နဲ့ ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်တွေကနေ လက် နက်ကြီးနဲ့ နေ့ရော၊ညရော ပစ်ကူပေးနေတယ်”ဟု ၎င်းက ပြောသည်။
လွိုင်ကော် – မိုးဗြဲလမ်းပိုင်းတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDFတပ်ရင်း-၂၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF တပ်ရင်း (၃)၊မြို့ပြတော်လှန်ရေးတပ်ဦး(URF)တို့ပူးပေါင်း တိုက်ခိုက်နေသည်။
လက်ရှိတိုက်ပွဲအခြေအနေကြောင့် လွိုင်ကော်-မိုးဗြဲ ၊လွိိုင်ကော်-ဆီဆိုင်လမ်းကို ပြည်သူများအနေဖြင့် သွားလာခြင်းမပြုလုပ်ရန် ကရင်နီပူးပေါင်းတပ်က သတိပေးထားသည်။