စစ်ကောင်စီရဲ့ တပ်မ (၆၆)၊ လက်အောက်ခံ ခမရ (၄၂၂) မှ တပ်ဖွဲ့ဝင် တစ်ဦး လက်နက် အပြည့်အစုံနဲ့ အလင်းဝင် လာတယ်လို့ ရှမ်းတောင် အခြေစိုက် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-MBPDF က မနေ့က ထုတ်ပြန်ပါတယ်။
လက်နက် အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို မိုးဗြဲ PDF၊ တပ်ခွဲ (၃) ကျွဲချိုတပ်ခွဲမှ ကျပ်သိန်း ၂၀ တိတိ ပေးအပ် ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မိုးဗြဲ အခြေစိုက် ခမရ (၄၂၂) မှ တပ်သား တစ်ဦးဟာ ဇူလိုင်လ ၃ ရက်နေ့မှာ တပ်ခွဲ (၃) ထံ လက်နက် အပြည့်အစုံနဲ့ အလင်းဝင်လာတာလို့ ဆိုပါတယ်။
“ဟုတ်တယ်။ CDM တစ်ယောက် လုပ်လာတာပေါ့နော်။ အခုတော့ ဘေးကင်းတဲ့ နေရာမှာ ရောက်နေပါပြီ” လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အလင်း၀င်လာတဲ့ တပ်သားဟာ လူတစ်ယောက်က လစာကောင်းတဲ့ အလုပ်ရမယ်လို့ လိမ်ခေါ်တာကို လိုက်သွားရာက စစ်ကောင်စီတပ်ရဲ့ တပ်သားသစ် စုဆောင်းရေးကို ရောက်သွားခဲ့ တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“သင်တန်းပြီးပြီးချင်း မိုးဗြဲဘက်ကို ရှေ့တန်း ပို့ခံရပါတယ်။ မိုးဗြဲမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ ပြည်သူ့ အိုးအိမ်တွေကို မီးရှို့လို့ရတယ်။ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူလို့ရတယ်။ မြင်မြင်သမျှကို သတ် ပစ်လို့ရတယ်။ အမျိုးသမီးများကို မုဒိန်းကျင့်ပြီး သတ်ပစ်လို့ရတယ်လို့ အထက်က ညွှန်ကြားထားတာရှိခဲ့ပြီး မြေပြင်မှာလည်း လက်တွေ့ ကျွန်တော် မြင်တွေ့နေရတာကြောင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံဖို့ စိတ်ဆုံးဖြတ်ချက် ချခဲ့ပါတယ်” လို့ အလင်းဝင်လာတဲ့ တပ်သားက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးမှာ လိုအပ်ရင် အာဏာရှင်စနစ်ကို ပြန်တိုက်မယ်လို့လည်း သူကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ကိုလည်း MBPDF က တိုက်တွန်းထားပြီး အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဆက်သွယ်နိုင်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။