တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းတိုက်ခိုက်နေတဲ့ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတယ် လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့နယ် စင့်ကင်ရွာ နဲ့ မန်ဖွယ်ရွာတို့ကို မနေ့ ဒီဇင်ဘာ ၈ ရက် နေ့ မွန်းလွဲပိုင်းမှစပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
“မြို့ထဲကနေဝဲနေတာ မန်ဖွယ်ဘက် နဲ့စဉ့်ကယ်ဘက် တောက်လျောက်ပတ်ကြဲနေတာဘဲ။ မနေ့ည ၉ နာရီခွဲထိအသံကြားနေတုန်းပဲ။ မိုင်းဖုန်းဆရာတော် ဘုရားတည်ထားတဲ့ တောင်ပေါ်လည်းပစ်ခံရတယ်” လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် ၁၀ နာရီဝန်းကျင်ကစပြီး စင့်ကင်ရွာနဲ့ မန်ဖွယ်ရွာ တို့ကို လေယာဉ်နဲ့တကြိမ်စီ လာပစ်သွားပြီး ညနေအထိ လက်နက်ကြီးလည်း အလုံး ၂၀ လောက်ပစ်ခတ်ပြီးပြီးလို့ ဒေသခံတွေထံမှ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မိုးမိတ် – မဘိမ်းလမ်း မြစ်ဆုံကို TNLA က ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
“မြစ်ဆုံဘက်ကိုပေးမဖြတ်တော့ဘူး။ သိမ်းလိုက်ပြီတဲ့။ အဲ့မှာ စခ(စစ်ကောင်စီ) တွေလည်း မရှိတော့ဘူး။ မနေ့ာက စစ်တပ်ကို အထက်ပိုင်းဘက်ကထင်တယ် လှမ်းပစ်တာမြင်လိုက်ရတယ်။ ကောင်းကင်က လက်နက်ကြီးကျည်သွားတာ မီးဖွားတွေနဲအတန်းလိုက်ပဲ စစ်တပ်ထဲကျတာ။ အဲအချိန်မှ စစ်တပ်ကရမ်းပြန်ပစ်တာ အိမ်တောင်တုန်တယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မိုးမိတ်မြို့မှာ စစ်ကောင်စီ တပ်ရင်း အမှတ် (၂၂၃)၊ (၂၇၆)၊ (၃၄၈) စတဲ့ တပ်ရင်းတွေ အခြေစိုက်ထားပြီး လေကြောင်းတိုက်ခိုက်ဖို့ တံတားဦးကနေ ဂျက်ဖိုက်တာလေယာဉ်တွေ သွားတာလို့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကို စောင့်ကြည့်နေတဲ့ EAR BOx ချန်နယ်က ဆိုပါတယ်။