ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦး ABSDFထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မတ်လ ၂၈ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် ခမရ (၃၄၈) တပ်ရင်းမှ အသက် (၃၇)နှစ်အရွယ်တပ်သား ရှိုင်းလင်းထက်သည် လက်နက်နှင့်အတူ ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) အမှတ်(၂) စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အာကာက ပြောသည်။
၎င်းယူဆောင်လာသည့် MA-1 သေနတ် တစ် လက်၊ ကျည် (၁၂၀)အား အပ်နှံခဲ့၍ ဂုဏ်ပြုငွေပေးအပ်ခဲ့ပြီး လုံခြုံရာသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းသည် ပခုက္ကူရှိ စစ်ကောင်စီ တပ်မ(၁၀၁) လက်အောက်ခံ ခလရ (၂၃၅)မှ တပ်သားတစ်ဦးဖြစ်ပြီး ရှမ်းမြောက်၌ စစ်ဆင်ရေးထွက်ချိန် ထွက်ပြေးကာအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက ကျွန်တော်တို့ဆီရောက်လာတဲ့အချိန်မှာ ဟိုဘက်စစ်ကောင်စီဘက်မှာ စိတ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေ ဖြစ်လာလို့ အဲဒီအတွက်စိတ်ပိုင်းဆိုင်ရာကုသမှုတွေလည်း ပြင်ဆင်ဆောင်ရွက်နေပါတယ်။”ဟု ABSDF အမှတ်(၂)စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာကာက ပြောသည်။
၎င်းတို့ စစ်ကောင်စီတပ်သည် ပြည်သူများအား အနိုင်ကျင့်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ အထက်အရာရှိများနှင့် တပ်ဖွဲ့အတွင်းရှိ တခြားသော စစ်သားများမှ ၎င်းအား အနိုင်ကျင့်ခြင်း ၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ ထိုးကြိတ်ရိုက်နှက်ခြင်းနှင့် နှိမ့်ချခွဲခြား ဆက်ဆံခံရခြင်းများကြောင့် ပြည်သူလူထုနှင့် ရပ်တည်လို၍ ABSDF တာဝန်ရှိသူများထံသို့ ဆက်သွယ်ကာ ထွက်ပြေးခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း ABSDF အဖွဲ့က ပြောသည်။