မိုးမိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်မှုတွင် အချုပ်သား၃၅ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့သည်။
“ရဲစခန်းကို လက်နက်ချခိုင်းတာ မချလို့ တိုက်ယူရတယ်။ အချုပ်ခန်းထဲက အချုပ်သား ၃၅ ယောက်ကို လူငယ်တွေက ကယ်ထုတ်နိုင်တယ်” ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမိုးမိတ်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF၊ PDFများနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့က ဇန်နဝါရီလ ၁၈ရက်နံနက်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲပထမနေ့တွင် စစ်ကောင်စီ၏ အာသံကျေးရွာဂိတ်စခန်း၊ ရွှေဇာလီဂိတ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ဇန်နဝါရီလ ၂၀ရက်တွင် ရဲစခန်းကို သိမ်းယူနိုင်ခဲ့သည်။
မိုးမိတ်မြို့မရဲစခန်းအချုပ်၌ နိုင်ငံရေးပုဒ်မဖြင့်ဖမ်းဆီးခံထားရသူသုံးဦးအပါအဝင် အမျိုးသား ၃၂ဦး၊ အမျိုးသမီး သုံးဦး ရှိသည်။ သက်ကြီးတရားခံအချို့လည်း ပါဝင်ပြီး လတ်တလောတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ခေါ်ယူစောင့်ရှောက်ထားကြောင်းသတင်းရရှိသည်
မိုးမိတ်မြို့တွင် ဇန်နဝါရီလ ၂၄ရက်မှစ၍ ယနေ့အထိပစ်ခတ်သံများမကြားရဘဲ တိုက်ပွဲအခြေအနေခတ္တငြိမ်သက်နေကြောင်းဒေသခံများကပြောသည်။
တစ်ဖက်တွင်စစ်ကောင်စီသည် မိုးမိတ်မြို့သို့ စစ်အင်အားတိုးရန်ကြိုးစားနေပြီး မိုးကုတ်-မိုးမိတ်လမ်းအတိုင်းလာသည့် စစ်ကောင်စီယာဉ်တန်းနှင့် တအာင်းအမျိုးသားလွတ်မြောက်
ရေးတပ်မတော် TNLA သည် မိုးကုတ်မြို့ပိန်းပြစ်ရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများကာ ပြန်ဆုတ်သွားသည်။စစ်ကားနှစ်စီးကို TNLA ကမီးရှို့ဖျက်ဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်းသိရသည်။