ကချင်ပြည်နယ် မိုးမောက်မြို့အနီး စစ်ကောင်စီ၏ ခမရ(၄၃၇)တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မိုးမောက်ရဲစခန်းကို သိမ်းပိုက်ပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို KIAက တိုက်ခိုက်ရှင်းထုတ်ပြီးနောက် မြို့အနီး ကျန်နေသည့် ခမရ(၄၃၇)တပ်ရင်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
” တိုက်ပွဲ အလွန် ပြင်းထန်နေပါတယ်။ စစ်ကား ၃စီးသိမ်းပိုက်ရရှိ။ Tank သံချပ်ကာ ကားတစ်စီး သိမ်းပိုက်ရရှိ”ဟု စစ်ရေးသတင်းရင်းမြစ်က မိုးမောက်တိုက်ပွဲ အခြေအနေကို ပြောပြသည်။
အခြား ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ခမရ(၄၃၇) တိုက်ပွဲ၌ စစ်ကောင်စီ၏ တင့်ကား(သံချပ်ကာ)တစ်စီးနှင့် စစ်ကားတစ်စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်ဘာသာဖြင့် လူမှုကွန်ရက်တွင် အသိပေးထားသည်။
KIAသည် မြစ်ကြီးနား – ဗန်းမော်လမ်း၊ ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မိုးမောက်မြို့သိမ်းတိုက်ပွဲကို ယခု မေလဆန်း၌ စတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြို့ကို KIAက စိုးမိုးထိန်းချုပ်ထားပြီး ခမရ(၄၃၇)တပ်ရင်း ရရှိပါက ဒေသတွင်း၌ စစ်ကောင်စီတပ်စခန်းများ ကင်းစင်တော့မည် ဖြစ်သည်။